တံတားဦးနှင့် ငါန်းဇွန်မြို့နယ် ကျေးရွာအချို့ကို စစ်အုပ်စု ဝင်မွှေသောင်းကျန်း၊ မြစ်တဖက်ခြမ်း စစ်ကိုင်း၊ မြင်းမူနယ်အထိ စစ်အုပ်စု မွှေမည့် အခြေအနေရှိနေ၊


ဖေဖေါ်ဝါရီ - ၁၁

မန္တလေးတိုင်း တံတားဦးနှင့် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာအချို့သို့ ယနေ့ ညနေပိုင်းတွင် စစ်အုပ်စု ဝင်ရောက်မွှေနှောက် သောင်းကျန်းနေပြီး ဧရာဝတီမြစ် တဖက်ကမ်းရှိ စစ်ကိုင်းနှင့် မြင်းမူနယ်များအထိ မွှေနှောက်သောင်းကျန်းမည့် အခြေအနေရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဖေဖေါ်ဝါရီ(၁၁)ရက်တွင် တံတားဦးမြို့နယ် မြေငူ၊ ပုဏ္ဍားခြံ၊ ပေါက်တော၊ ပေါက်မြိုင် စသည့် ကျေးရွာများသို့ စစ်အုပ်စု ဝင်မွှေသောင်းကျန်းနေပြီး ငါန်းဇွန်မြို့နယ် ကျီးမင်းနာရွာတွင်လည်း စစ်ကား ငါးစီးဖြင့် စကစများ ရောက်ရှိနေပြီး ဒေသတွင်း မွှေနှောက်သောင်းကျန်းနေသည်ဟု ဆိုသည်။

“တံတားဦးဘက်က ရွာတွေကို ခွေးတွေ ဝင်မွှေနေလို့ ပြေးနေရတယ်။ ဒီနေ့  မနက်‌ (၁၀)နာရီလောက်က ခွေး (၂၀၀)လောက် ဆင်းလာပြီး တံတားဦး ပေါက်မြိုင်ရွာနားက တဲတွေ မီးရှို့တယ်။ အခု အနီးနားက ရွာတွေ ဆက်မွှေနေတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

ယနေ့ မနက်ပိုင်းက တံတားဦးမြို့အဝင်ဂိတ်အနီး စစ်အုပ်စု ဗုံးထုခံရကာ သုံးဦး သေပြီးနောက် ဝင်မွှေခြင်း ဖြစ်နိုင်သလို နယ်မြေရှင်းလင်းမည့် အခြေအနေ ရှိကြောင်း၊ ထို့အပြင် ငါန်းဇွန်မြို့နယ် ကုလရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ငါန်းဇွန်ဒေသရှိ စကစ အမာခံအချို့ အသတ်ခံရပြီးနောက် စစ်အုပ်စုက ကျေးရွာများကို ဝင်မွှေသောင်းကျန်းမည့် အခြေအနေရှိနေကြောင်း ဒေသခံများက ဆိုသည်။

“ငါန်းဇွန်မြို့နယ် ကျီးမင်းနာ ရွာတွင် စကစ ကား ငါးစီး ရောက်ရှိနေပြီး စာသင်ကျောင်းမှာ စခန်းချမည်လို့ သိရပါတယ်။ ရောက်ရှိပြီး ခဏအကြာ ဧရာဝတီမြစ်အတွင်း လုပ်ကိုင်စားသောက်ကြရသော ရေလုပ်သားများအား ည(၈)နာရီမှ စတင်ပြီး အလုပ်များ ရပ်တန့်ကြရန် အုပ်ချုပ်ရေးမှူးမှ အသံချဲ့စက်ဖြင့် ကြေငြာပြီး တားမြစ်ထားပါတယ်” ဟု ငါန်းဇွန်သတင်းစုံက ဖော်ပြသည်။

စစ်အုပ်စုသည် တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း အင်အားရာချီ တိုးမြှင့်ထားသလို ဧရာဝတီ မြစ်ကြောင်း တလျှောက်တွင်လည်း ဒရုန်းများဖြင့် ကင်းထောက်နေသည်မှာ ရက်တစ်ပတ်ခန့် ရှိပြီဟု ဒေသခံများက MFP သို့ ပြောသည်။

“ဒရုန်းတွေ မြစ်ကြောင်းအတိုင်း နေ့တိုင်း ဝဲနေတယ်။ ဒီနေ့နဲ့ဆို ငါးရက် ရှိပြီ။ ညနေ(၆)နာရီလောက်ကနေ (၈‌)နာရီလောက်အထိ ဝဲတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ရက်များက စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်း မူးမြစ်ကမ်းဘေးရှိ ကျေးရွာများသို့ ဝင်မွှေသောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်။


Mandalay Free Press - MFP

တံတားဦးနှင့် ငါန်းဇွန်မြို့နယ် ကျေးရွာအချို့ကို စစ်အုပ်စု ဝင်မွှေသောင်းကျန်း၊ မြစ်တဖက်ခြမ်း စစ်ကိုင်း၊ မြင်းမူနယ်အထိ စစ်အုပ်စု မွှေမည့် အခြေအနေရှိနေ၊ တံတားဦးနှင့် ငါန်းဇွန်မြို့နယ် ကျေးရွာအချို့ကို စစ်အုပ်စု ဝင်မွှေသောင်းကျန်း၊ မြစ်တဖက်ခြမ်း စစ်ကိုင်း၊ မြင်းမူနယ်အထိ စစ်အုပ်စု မွှေမည့် အခြေအနေရှိနေ၊ Reviewed by THITHTOOLWIN on 23:08 Rating: 5

No comments:

Powered by Blogger.