ကနီနယ် အိုင်တောင်အနောက်ရွာအား စကစ မီးရှို့နေ၊

ဖေဖော်ဝါရီ - ၂၀ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ကနီမြို့နယ် အိုင်တောင်အနောက်ရွာကို ယနေ့ ညနေ(၆)နာရီကျော်မှ စတင်ကာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဖေဖော်ဝါရီ(၂၀)ရက် နေ့လယ်ပိုင်းကတည်းက  အိုင်တောင် အနောက်ရွာသို့ စစ်အုပ်စု စီးနင်းဝင်ရောက်လာခြင်း ဖြစ်ပြီး ညနေပိုင်းတွင် ကျေးရွာတွင်းရှိ နေအိမ်များကို မီးတင်ရှို့နေခြင်းဟု ဆိုသည်။

"စခအင်အား (၅၀)လောက် နေရာသုံးနေရာ ခွဲပြီး မီးရှို့နေတာလို့ သိရတယ်။ စခတွေ ရွာထဲ ရှိနေလို့ မီးငြိမ်းသတ်နိုင်ခြင်း မရှိဘူး။ လူနေအိမ် မည်မျှ မီးလောင်ဆုံးရှုံးနေကြောင်း လတ်တလော မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။ 

စစ်ကောင်စီက  ကနီမြို့နယ်အတွင်း ရမ်းကားသောင်းကျန်းနေသဖြင့် ဝက်ချောင်းလေး၊ အေးသာယာ၊ နတ်ကြီး၊ ဝက်ချောင်းကြီး၊ ဂွေးပင်နှင့် ရွာသာရွာ စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ 

စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ကျေးရွာများတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် နေအိမ်များ ပျက်စီးမှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။ 

ဖေဖော်ဝါရီ(၁၈)ရက်နှင့် (၁၉)ရက်က ကနီနယ်အတွင်း စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အများအပြား သေပြီး PDF တပ်ဖွဲ့ဝင် သုံးဦးလည်း ကျဆုံးခဲ့ကြောင်း ကနီ PDF က ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။


Mandalay Free Press - MFP

ကနီနယ် အိုင်တောင်အနောက်ရွာအား စကစ မီးရှို့နေ၊ ကနီနယ် အိုင်တောင်အနောက်ရွာအား စကစ မီးရှို့နေ၊ Reviewed by THITHTOOLWIN on 01:59 Rating: 5

No comments:

Powered by Blogger.