တံတားဦးမြို့ဝင်ဂိတ် တိုက်ခိုက်မှု စကစရဲ ဒု-တပ်ကြပ်မြင့်ဇော်၊ တပ်သားရှိုင်းမိုးသုနှင့် တပ်သားယေရမိ တို့ သုံးဦး ပွဲချင်းပြီးသေ၊ တပ်ကြပ်တင်မြင့်ဝင်းနှင့် တပ်သားသန်းရွှေတို့လည်း ဒဏ်ရာရ၊


ဖေဖေါ်ဝါရီ - ၁၂

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာလမ်းပေါ်ရှိ သာယာဦး မြို့အဝင်ဂိတ်တွင် အစောင့်ကျနေသော စကစများ ယမန်နေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ ဒု-တပ်ကြပ်မြင့်ဇော်၊ တပ်သားရှိုင်းမိုးသုနှင့် တပ်သားယေရမိ တို့ သုံးဦး ပွဲချင်းပြီးသေကာ တပ်ကြပ်တင်မြင့်ဝင်းနှင့် တပ်သားသန်းရွှေတို့ သေနတ်မှန် ဒဏ်ရာများ ရရှိကြောင်း စစ်ကောင်စီ အသိုင်းအဝိုင်းက MFP သို့ ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ(၁၁)ရက်၊ မနက်(၄)နာရီခန့်က တံတားဦးမြို့အဝင်ဂိတ်ရှိ စစ်အုပ်စုကို အမည်မသိ လူတစ်စုက သေနတ်ဖြင့် (၁၅)ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ လက်အောက်ခံများ ဖြစ်သော တံတားဦးမြို့မ ရဲစခန်းမှ ဒုတပ်ကြပ် မြင့်ဇော်တွင် ခေါင်းတစ်ချက်၊ တပ်သားရှိုင်းမိုးသုတွင် ရင်အုံ တစ်ချက်၊ တပ်သားယေရမိတွင် ခေါင်းတစ်ချက် သေနတ်မှန်ကာ ပွဲချင်းပြီး သေသည်။

ထို့အပြင် ရဲတပ်ကြပ် တင်မြင့်ဝင်းနှင့် တပ်သားသန်းရွှေ တို့လည်း လက်တွင် သေနတ်မှန် ဒဏ်ရာများ ရရှိပြီး တံတားဦး ဆေးရုံ ရောက်နေသည်ဟု စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသော စစ်အုပ်စုသည် တံတားဦးမြို့မရဲစခန်းမှ ဖြစ်ကြောင်းနှင့် ယင်းသို့ လာရောက် ပစ်ခတ်သူများ မည်သူမည်ဝါ ဆိုသည်ကို သိရှိနိုင်ရန် တံတားဦး မြို့မရဲစခန်းမှူးနှင့်အဖွဲ့က စုံစမ်းနေသည်ဟု ဆိုသည်။

အဆိုပါ စစ်အုပ်စုသည် လမ်းသွားလမ်းများကို ဖမ်းဆီးငွေညှစ်သလို ဒေသတွင်း လက်နက်ပြ သောင်းကျန်း နေသူများ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ တံတားဦး မြို့အဝင်ဂိတ် တိုက်ခိုက်ခံရကာ အသေအပျောက် ရှိပြီးနောက် နာရီပိုင်းအကြာတွင် စစ်အုပ်စုက တံတားဦးမြို့နယ် မြေငူ၊ ပုဏ္ဍားခြံ၊ ပေါက်တော၊ ပေါက်မြိုင် စသည့် ကျေးရွာများသို့ ဝင်မွှေသောင်းကျန်းကာ ဓားပြတိုက် လုပ်ယက်၊ မီးရှို့ခြင်းများ ကျူးလွန်နေသည်။

“တံတားဦးဘက်က ရွာတွေကို ခွေးတွေ ဝင်မွှေနေလို့ ပြေးနေရတယ်။ ဒီနေ့  မနက်‌ (၁၀)နာရီလောက်က ခွေး (၂၀၀)လောက် ဆင်းလာပြီး တံတားဦး ပေါက်မြိုင်ရွာနားက တဲတွေ မီးရှို့တယ်။ အခု အနီးနားက ရွာတွေ ဆက်မွှေနေတယ်” ဟု ဒေသခံတစ်ဦးက ယမန်နေ့ ညပိုင်းက MFP သို့ ပြောသည်။

စစ်အုက်စုသည် တံတားဦးမြို့နယ် အပြင် ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာအချို့သို့လည်း ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ဝင်ရောက်မွှေနှောက် သောင်းကျန်းနေပြီး ဧရာဝတီမြစ် တဖက်ကမ်းရှိ စစ်ကိုင်းနှင့် မြင်းမူနယ်များအထိ မွှေနှောက်သောင်းကျန်းမည့် အခြေအနေရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

“ငါန်းဇွန်မြို့နယ် ကျီးမင်းနာ ရွာတွင် စကစ ကား ငါးစီး ရောက်ရှိနေပြီး စာသင်ကျောင်းမှာ စခန်းချမည်လို့ သိရပါတယ်။ ရောက်ရှိပြီး ခဏအကြာ ဧရာဝတီမြစ်အတွင်း လုပ်ကိုင်စားသောက်ကြရသော ရေလုပ်သားများအား ည(၈)နာရီမှ စတင်ပြီး အလုပ်များ ရပ်တန့်ကြရန် အုပ်ချုပ်ရေးမှူးမှ အသံချဲ့စက်ဖြင့် ကြေငြာပြီး တားမြစ်ထားပါတယ်” ဟု ငါန်းဇွန်သတင်းစုံက ဖော်ပြသည်။

စစ်အုပ်စုသည် တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း အင်အားရာချီ တိုးမြှင့်ထားသလို ဧရာဝတီ မြစ်ကြောင်း တလျှောက်တွင်လည်း ဒရုန်းများဖြင့် ကင်းထောက်နေသည်မှာ ရက်တစ်ပတ်ခန့် ရှိပြီဟု ဒေသခံများက ပြောသည်။

“ဒရုန်းတွေ မြစ်ကြောင်းအတိုင်း နေ့တိုင်း ဝဲနေတယ်။ ဒီနေ့နဲ့ဆို ငါးရက် ရှိပြီ။ ညနေ(၆)နာရီလောက်ကနေ (၈‌)နာရီလောက်အထိ ဝဲတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်စုသည် မြို့အဝင်အထွက် ဂိတ်များ၌ နေရာယူကာ လမ်းသွားလမ်းလာများကို ဖမ်းဆီး ငွေညှစ် အနိင်ကျင့်ခြင်းများ လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

တံတားဦးမြို့ဝင်ဂိတ် တိုက်ခိုက်မှု စကစရဲ ဒု-တပ်ကြပ်မြင့်ဇော်၊ တပ်သားရှိုင်းမိုးသုနှင့် တပ်သားယေရမိ တို့ သုံးဦး ပွဲချင်းပြီးသေ၊ တပ်ကြပ်တင်မြင့်ဝင်းနှင့် တပ်သားသန်းရွှေတို့လည်း ဒဏ်ရာရ၊ တံတားဦးမြို့ဝင်ဂိတ် တိုက်ခိုက်မှု စကစရဲ ဒု-တပ်ကြပ်မြင့်ဇော်၊ တပ်သားရှိုင်းမိုးသုနှင့် တပ်သားယေရမိ တို့ သုံးဦး ပွဲချင်းပြီးသေ၊ တပ်ကြပ်တင်မြင့်ဝင်းနှင့် တပ်သားသန်းရွှေတို့လည်း ဒဏ်ရာရ၊ Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.