ဓာတ်ပုံ - စျေးကွက်အတွင်း ရောင်းချနေတဲ့ယိုးဒယားနိုင်ငံထုတ်အသားလုံးများ |
ဘုရားသုံးဆူ၊ ဖေဖော်ဝါရီ ၈
ဘုရားသုံးဆူမြို့နယ်မှာ စွန့်ပစ်ထားတဲ့ ထိုင်းထုတ်အသားလုံးတွေကို ကောက်ယူစားသုံးမိတဲ့ ကလေးအရွယ် ၁၆ ဦးဆေးရုံပို့ဆောင်ကုသပေးခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ကျေးရွာအမှိုက်ပုံးတစ်ခုမှာ စွန့်ပစ်ထားတဲ့ ထိုင်းနိုင်ငံထုတ်အသားလုံးအထုတ်တွေကို ကောက်ယူကြော်စားခဲ့တဲ့ ကလေးငယ် ၁၆ ဦး အသက်ရှုကြပ်ကာ ဆေးရုံတင်ခဲ့ရတာလို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ရွာထဲရှိ အမှိုက်ပုံးမှာ စွန့်ပစ်ထားတဲ့ အသားလုံးအထုတ် ၈၀ လောက်ကို ကလေးတွေက ကောက်ယူသွားပြီး ကြော်စားတဲ့အခါ ကလေး ၉ ဦး အသက်ရှုကြပ်ပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။
ဆေးရုံတင်တဲ့အထဲက ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဒီနေ့ (ဖေဖော်ဝါရီ ၈ ရက်)မှာလည်း အဲဒီအသားလုံးကို ကြော်စားခဲ့တဲ့ ကလေး ၇ ယောက်လည်း အဲလိုပဲ အသက်ရှုကြပ်လာလို့ ဆေးရုံတင်လိုက်ရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ ထိုင်းအသားလုံးစားသုံးခဲ့သူတွေထဲက ဆေးရုံတင်ထားရသူအများစုမှာ အသက် ၁ နှစ်အရွယ်မှ ၅ နှစ်အောက်ကလေးအများစုပါဝင်ပြီး အဲဒီအထဲက ပြန်လည်သက်သာလာတဲ့ ကလေး ၄ ဦးက ဒီကနေ့မှာ ဆေးရုံဆင်းလာပြီးလို့ ဆိုပါတယ်။
ဒေသခံကလေးတွေ ကောက်ယူစားသုံးခဲ့တဲ့ ထိုင်းအသားလုံးများမှာ လက်ရှိ ထိုင်းနိုင်ငံမှာ တရားမဝင်ထုတ်လုပ် ဖြန့်ဖြူးနေတဲ့ အသားလုံးတွေဖြစ်ကြပြီး မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲမှုဌာနမှာ တရားဝင် လိုင်စင်တင်ထားခြင်းမရှိသေးဘူးလို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သတင်း - သံလွင်တိုင်းမ်
No comments:
Post a Comment