ပုသိမ်မြို့တွင် ဆိုင်ကယ်၊ကားများအား တားဆီးစစ်ဆေးရာ ဆိုင်ကယ်ရပ်မပေး၍ ရဲတပ်ဖွဲ့က လူငယ် ၂ ဦးအား ပစ်ခတ်ဖမ်းဆီး
ပုသိမ်၊ ဖေဖော်ဝါရီ ၁၂ ရက်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဒီနေ့နေ့လည်ပိုင်းက စစ်ကောင်စီက ကား၊ဆိုင်ကယ်တွေကိုစစ်ဆေးနေရာမှာ ဆိုင်ကယ်ရပ်မပေးလို့သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့နေ့လည် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်အချိန်က ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊တောရကျောင်းလမ်းထိပ်မှာ ကားတွေဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားများက တားဆီးစစ်ဆေးခဲ့ပြီး ဆိုင်ကယ်ရပ်ဖို့အရှိန်လွန်သွားတဲ့လူငယ်၂ဦး စီးလာတဲ့ဆိုင်ကယ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာမှာနောက်မှာထိုင်နေတဲ့လူငယ်ထိမှန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးကပြောပါတယ်။
"အဲ့နားမှာ ကား၊ဆိုင်ကယ်၊ဖုန်းအကုန်စစ်နေတာ ကောင်လေးက ရပ်ဖို့အရှိန်လွန်သွားတာ မရပ်ပေးတာမဟုတ်ဘူး။ အဲ့မှာရဲက သေနတ်နဲ့ချိန်ပြီးပစ်ချလိုက်တာ။ နောက်မှာထိုင်နေတဲ့ကောင်လေး ပေါင်ထိသွားပြီး ဆိုင်ကယ် မောင်းပြေးသွားတယ်"လို့ သူကပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူမှာတောရကျောင်းအတွင်းလမ်း ကညင်ပင်လမ်းမှာနေတဲ့ကို၀င်းကိုကိုဌေးနဲ့ဆိုင်ကယ်မောင်းနှင်သူကိုမြတ်သူဆိုသူဖြစ်ပြီး ရဲကပစ်ခတ်လို့ပေါင်ကိုသေနတ်ထိမှန်ဒဏ်ရာပြင်းထန်တာကြောင့်ပုသိမ်ဆေးရုံကြီးကိုပို့ဆောင်ပေမယ့်ဆေးရုံကလက်မခံဘူးလို့သိရပါတယ်။
ဆိုင်ကယ်မောင်းပြေးသွားတယ်ဆိုပြီးစစ်အုပ်စုက နေအိမ်တွေကိုလာရောက်ဖမ်းဆီးခဲ့ပြီး မောင်းနှင်သူ ကိုမြတ်သူနဲ့သူ့ဖခင်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
ကို၀င်းကိုကိုဌေး ရဲ့သေနတ်ဒဏ်ရာကို မိသားစုတွေကပုသိမ်ဆေးရုံကလက်မခံလို့ ရန်ကုန်ဆေးရုံကို ပို့ဆောင်ကုသဖို့ စီစဥ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment