ဖေဖေါ်ဝါရီ - ၂၀
စစ်ကောင်စီက ရပ်ကွက်အတွင်း အဝင်အထွက် ပိတ်ဆို့ကာ ဒေသခံပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် နှိပ်ကွပ်နေတဲ့ တချိန်တည်းမှာပဲ စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်က ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ယနေ့ ဖေဖေါ်ဝါရီ(၂၀)ရက် မနက်(၁၀)နာရီခွဲလောက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (၆၇-D)လမ်းနှင့် (၁၂၀)လမ်းအနီးမှာ နေထိုင်တဲ့ ရပ်ကွက်ရာအိမ်မှုးတစ်ဦး နေအိမ်ရှေ့ ထိုင်နေချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ (ဂ)ရပ်ကွက်၊ ရာအိမ်မှူး အသက်(၄၀)ဝန်းကျင်အရွယ် ဦးထွန်းဝေ ဆိုသူ ဖြစ်ပြီး အိမ်ရှေ့ ထို်ငနေချိန်မှာ လူနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် တစ်ချက်တည်းနဲ့ ဆေးရုံကိုပို့ချိန်မှာ သေတာလို့ စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကလည်း MFP ကို အတည်ပြုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနနဲ့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီက မန္တလေးမြို့ပေါ် ရပ်ကွက်တွေကို ရပ်ကွက်တစ်ခုပြီးတစ်ခု ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်နေပြီး သောကြာနေ့က ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်အတွင်း ပိတ်ဆို့မွှေနှောက် ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူတွေကို ဥပဒေမဲံ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်နေပေမယ့် မန္တလေးမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အားကောင်းနေဆဲ ဖြစ်ပြီး စစ်ကောင်စီနဲ့ ဆက်စပ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရဆဲ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment