(ဓာတ်ပုံ - PDF သင်တန်းဆင်းပွဲကို အဝေးက ကြည့်နေသည့် အညာဒေသခံများ) |
ဒေါ်ကြင်နှင့်ကျွန်တော်သည် ကန္တာရပင်၏အရိပ်အောက်တွင်တူတူထိုင်နေကြသည်။ကျွန်တော်တို့ရှေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အလံနီက တလွင့်လွင့်လှုပ်ယမ်းနေပြီး တပ်ဖွဲ့ဝင်များက သစ္စာရေကို တစ်ယောက်စီ မော့သောက်နေချိန်ဖြစ်သည်။
အဝါရောင် ကောက်ရိုးပြတ်များ၊ ထန်းပင်ရှည်ရှည်ကြီးများဝန်းရံထားသော မြေကွက်လပ်တွင် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုပြုလုပ်နေစဉ် အသက် ၆၀ အရွယ်ဒေါ်ကြင်နှင့်ခဏဆုံခြင်းဖြစ်သည် ။ ကျွန်တော်က စူးစမ်းလေ့လာရေးကိစ္စ၊ ဒေါ်ကြင်ကတော့ စစ်သင်တန်းဆင်းသည့်သူ့ သားကိုလာကြည့်သူ။
ဖုန်တောထဲမှာဖိနပ်ခုထိုင်နေသော ဒေါ်ကြင်က တန်းစီနေသော လူငယ်များကြားထဲက သူ့အထွေးဆုံးသားကိုလက်ညိုးညွှန်ပြသည်။ အသက်၁၈နှစ်လူငယ်၊ ဆယ်တန်းအောင်ခါစလေး၊ တော်လှန်ရေးထဲမှာ လက်နက်ကိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသည့် သားကို သူတားမနေနိုင်တော့ဘဲ PDF ထဲသို့ဝင်ခွင့်ပြုလိုက်သည်။
"လယ်တစ်ဧက မှ မပိုင်ဘူး၊လက်လုပ်လက်စားဘဝ နဲ့ ခက်ခက်ခဲခဲ ကျောင်းထားပေးခဲ့ရတာ"သူကခက်ခဲကြမ်းတမ်းသောဘဝကိုအတိုချုံးပြောသည်။
ဒေါ်ကြင့်မှာ သား လေးယောက်ရှိသည်။ တစ်ယောက်က မြစ်ကြီးနားမှာ အလုပ်သွားလုပ်ရင်း မြစ်ကြီးနား PDF ထဲဝင်သွားသည်။ နောက်တစ်ယောက်က စစ်ကိုင်းတိုင်းထဲက ဒေသတစ်ခုမှာ PDF အဖြစ် စစ်တာဝန်ထမ်းဆောင်နေပြီ။ အခု အထွေးဆုံးလေးက စစ်သင်တန်းထဲမှာ။ နောက်တစ်ယောက်ကတော့ရောဂါကြောင့်ခပ်ငယ်ငယ်နှင့်ဆုံးပါးသွားခဲ့သည်။
" သူရှိရင်လည်း ပါမှာ...၊ဆုံးသွားတဲ့ တစ်ယောက်လေ အရပ်ထောင်ထောင် မောင်းမောင်း၊ အသားဖြူဖြူနဲ့ ။သူဆိုရင်လည်းဝင်ဦးမှာ" သူမက ဆိုပါသည်။
"ဒါဆိုအဒေါ်က သားကောင်းမိခင်ပဲဗျ" လို့ ကျွန်တော်က ပြောတော့သူမ ရယ်၏။ သူမ သိပ်ဂုဏ်ယူနေသလား ၊ဝမ်းနည်းနေသလား၊ အထီးကျန်နေသလားမပြောတက်ပါ။ သေချာတာက သူသားတွေမရှိတော့ သူနွားပြန်ကျောင်းရသည်။လယ် ကိုယ်တိုင်ပြန်လုပ်ရပြီ။ ပြီးတော့ ဘုရားရှိခိုး တိုင်း ဆုတစ်ခုပိုတောင်းနေရပြီ။
"သားတွေက ပြောတယ်..၊ အမေ...ကျနော်တို့ တစ်ခုခုဖြစ်လည်း လက်လွတ်လိုက်ပါတဲ့ " ဒေါ်ကြင်ထိုစကားပြောနေ ချိန်တွင် တောင့်ခံမထားနိုင်တော့ဘဲငိုချသည်။ကျွန်တော်လည်းသူနှင့်အတူလိုက်ငိုမိသည်။
အညာဒေသ ကို စရောက်သည်နှင့်တော်လှန်ရေး
ဝိဉာဉ်အလျံငြီးငြီး တောက်လောင်နေသည့် ပြည်သူများကို ဩချလောက်အောင်တွေ့ခဲ့ရသည်။ အဖွားဒေါ်ကြင်လို စိတ်ဓာတ်မျိူး က အညာတွင် ထန်းပင်တွေပေါထသလို မြင့်မားရှည်လျားစွာထိုးထောင်လျက်၊ မဆုံးနိုင်တဲ့ ရိုးပြတ်ခင်းတွေလို တမျှော်တခေါ်ဖြစ်နေပြီ။ အရင်က အေးချမ်းစွာ နေခဲ့ပြီးတောင်ယာသီးနှံများအကြောင်းသာ အဓိကဆွေးနွေးခဲ့သူများ၏ သက်ကြီးသက်ငယ်စကားဝိုင်းတိုင်းက ရန်သူကို ဘယ်လိုချေမှုန်းမလဲဆိုတာ ချည်းပင်။
မင်းအောင်လှိုင်၏စစ်တပ်ကလည်း အညာကိုရက်စက်ယုတ်မာစွာအကြမ်းဖက်နေသည်မှာအများအသိ။မီးရှို့သတ်၊ခုတ်ထစ်သတ်ညှင်းဆဲသတ်၊အစုလိုက်သတ် အို..မျိုးစုံအောင် ဒင်းတို့ ဖိနှိပ်နေကြသည်။ သည်အကြောင်း တွေလျှောက်ပြောရင်း
"အဒေါ် စစ်တပ်ကို မုန်းသလား" ဟု အညာသူကြီး ဒေါ်ကြင်ကိုကျွန်တော်မေးမိ၏။
သူမက ကြိုတင်စဉ်းစားထားသည့်နှယ် အဖြေတစ်ခုကို ခပ်လေးလေး ပြောချလိုက်သည် ။
"အဒေါ်လေ သူတို့အသည်းကိုအစိမ်းစားပြလိုက်ချင်တယ်"
ကျွန်တော်သူ့ကိုကြောင်ပြီးနားထောင်နေမိသည်။
"သူတို့ဘက်က လူပေါ့နော်..အဲ့လူအသည်းကို စားပြလိုက်ချင်တယ်။အဲ့လောက်မုန်းတာ"
ဒေါ်ကြင်သည် အသက်ကြီးပြီ၊ ရိုက်ပုတ်ထုနှက်ဖို့ သူမစွမ်းသာတော့၊ရန်သူကို တပြန်ယှဉ်ပြိုင်ပြီး ဘယ်မှာတိုက်နိုင်လိမ့်မလဲ။
စီးပွားရေးမတောင့်တင်းသော ဒီလယ်သူမကြီးသည် ရိက္ခာခဲယမ်း ဘယ်လိုထောက်ပံ့နိုင်လိမ့်မလဲ။ဘယ်လိုလှူနိုင်လိမ့်မလဲ။ အဲ့အစား သူ့သားတွေကိုအကြမ်းဖက်စစ်သားတွေကိုနှိမ်နင်းဖို့လွှတ်လိုက်သည်။ ပြီးတော့ ရန်သူ့အသည်းကို စားပြလိုက်ချင်သေးသည်တဲ့။
ကျနော်သူနှင့်ဘာမှဆက်မပြောနိုင်ဘဲ အတွေးဆက်မိနေ၏။ ပြီးတော့............. အညာ ဒေသတိုက်ပွဲများအကြောင်းစဉ်းစားနေမိသည်။အောင်ပွဲများဆက်လာသည့်အခါ အကယ်၍ ကောက်ရိုးပြတ်ဝါတွေနှင့် ပက်ကြားအက် လယ်ကွက်တွေပေါ် စစ်သားအလောင်းများရခဲ့လျှင် ဒေါ်ကြင်လည်း နှိုက်ထုတ် မြည်းကြည့်နေမလားဆိုသည်ကိုလည်း တကယ်ပင် သိချင်နေပါသည်။
People's Spring
No comments:
Post a Comment