“ငါးနှစ်သားကလေးကစားစရာ သေနတ်အရုပ်လေး တစ်ရုပ်ကို ယူသွားပြီးတော့ ရှာနေတဲ့ဟာ တွေ့ပြီ၊ တွေ့ပြီ ဆိုပြီး ယူသွားတယ်”
ဖမ်းဆီးခံရသည့် ဆားလင်းကြီးမြို့နယ် NLD ပါတီအတွင်းရေးမှူး နေအိမ်သို့ စစ်ကောင်စီ ဝင်ရောက်ရှာဖွေ
ဖေဖော်ဝါရီလ ၃၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ NLD ပါတီအတွင်းရေးမှူး ဦးဝင်းခိုင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့တွင်တော့ နေအိမ်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဦးဝင်းခိုင်၏ နေအိမ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟုလည်း သိရသည်။
"စကစတွေက အိမ်မှာ ရှိတဲ့ ပစ္စည်း အားလုံးကို ဖွသွားတယ်။ သူတို့ လိုချင်တာ မရတဲ့ အဆုံး ဘာယူသွားလဲဆိုတော့ ဘီရိုထဲမှာ ထည့်ထားတဲ့ ပါတီအလံတစ်ခုရယ်၊ ငါးနှစ်သားကလေးကစားစရာ သေနတ်အရုပ်လေး တစ်ရုပ်ကို ယူသွားပြီးတော့ ရှာနေတဲ့ဟာ တွေ့ပြီ၊ တွေ့ပြီ ဆိုပြီး ယူသွားတယ်” ဟု ဦးဝင်ခိုင် မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဦးဝင်းခိုင်၏ နေအိမ်တွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များစွာကိုလည်း စစ်ကောင်စီမှ ခူးယူသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁ ရက် နေ့လည် ၁ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်ရှိ ဥဒေါင်းမင်းလက်ဖက်ရည်ဆိုင်၌ ဦးဝင်းခိုင်အား ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
“စကစတွေက မုံရွာကနေ ဆင်းလာတာ အယောက် ၂၀ လောက် ရှိတယ်။ ဒလန်က သတင်းပေးပြီးတော့ ဦးဝင်းခိုင်ကို လက်ဖက်ရည်ဆိုင်မှာ ဒူးထောက်ခိုင်းပြီး လက်ထိပ်တွေပါ ခတ်ပြီးတော့ ခေါ်သွားတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးကပြောသည်။
ဖမ်းဆီးခံရပြီး ၃ ရက်မြောက်နေ့အထိ ဦးဝင်းခိုင်၏ သတင်းအစအနကိုပင် မကြားရသေးသည့်အပြင် ၎င်း၏ မိသားစုဝင်များမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment