မန္တလေး ကမ်းနားလမ်းတွင် သတင်းပေးအဖြစ် နာမည်ထွက်သူ သေနတ်ဖြင့် အပစ်ခံရ သုံးကြိမ်မြောက် လုပ်ကြံခံရခြင်းဖြစ်
ပုံစာ၊ သေနတ်ဖြင့် အပစ်ခံရသည့်နေရာဝန်းကျင်ကို Google မြေပုံဖြင့် မြင်ရစဉ်။ |
ဖေဖော်ဝါရီ - ၁၂
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အနောက်ခြမ်းရှိ ဧရာထွန်းပန်းခြံ အနီးတွင် အမျိုးသားတစ်ဦးအား ယနေ့နေ့လယ် (၁) နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း ဒေသခံအချို့က MFP သို့ ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသူမှာ ဧရာထွန်းရပ်ကွက်တွင် နေထိုင်သည့် ကိုပေါက်စီ ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ပစ်တာတော့ ငါးချက် လောက်ပစ်သွားတယ်ကြားတယ်၊ သုံးချက် ထိသွားတယ်လို့ ကြားတယ်၊ အခုတော့ သွေးအိုင်ထဲ လဲနေတာ၊ လာကောက်တဲ့သူ မရှိသေးဘူး၊ သေ၊မသေ တော့ မသိရဘူး " ဟု ၎င်းက ဆိုသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းက လုပ်ကြံသည် မသိရသေးဘဲ သေ၊ မသေ ကို အတည်ပြုနိုင်ရန် MFP က ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်ပါသည်။
ပေါက်စီသည် နွေဦးတော်လှန်ရေး ကာလအတွင်း ဓါးဖြင့်တစ်ကြိမ်၊ သေနတ်ဖြင့်တစ်ကြိမ် အပစ်ခံခဲ့သော်လည်း သေဆုံးမှုမရှိခဲ့ပေ။
ယခုအကြိမ် သေနတ်ဖြင့် ပစ်ခတ်ခံရမှုသည် သုံးကြိမ်မြောက်ဖြစ်သည်။
" ပေါက်စီက ဘာမှတော့ မဟုတ်ဘူး၊ ပြဿနာက ဟိုစပ်စပ် ဒီစပ်စပ် ပါတာပဲ၊ သတင်းပေး ဟုတ်မဟုတ်ဆိုတာတော့ မသိဘူး၊ ကိုယ်မသိတာလည်း ရှိနိုင်တာပေါ့ " ဟု ဒေသခံ တစ်ဦး က ပြောသည်။
မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းပေး ဒလန်ဟု နာမည်ထွက်ပေါ်သူများကို မြို့ပြပြောက်ကျားအဖွဲ့များက ရှင်းလင်းလေ့ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment