ရှားလှရွာကိုစစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း၊ ထွက်ပြေးတဲ့ ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ လူ ၅၀ နီးပါးဖမ်းသွား
မကွေး၊ ဖေဖော်ဝါရီ ၄
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် အပြစ်မဲ့ပြည်သူတချို့ သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းမှစတင်ကာ ရှားလှကျေးရွာကို အကြမ်းဖက်ပစ်ခတ်စီးနင်းခြင်းဖြစ်ပြီး လူ ၆ ဦးကို ကြိုးဖြင့်တုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသူများ အပါအဝင် ဒေသခံပြည်သူပေါင်း ၅၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီး လူနေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
“တစ်ရွာလုံးပြေးရတာ။ ပြေးနေတဲ့လူတွေထဲကိုလည်း တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ ကျွန်တော်နဲ့ နီးနီးလေးမှာလာကျတာ၊ အခုထိလည်း ကျွန်တော့်မိသားစုနဲ့ကွဲနေတုန်းပဲ။ ကလေးတွေကတခြား၊ ကျွန်တော်ကတခြား၊ အခုထိ( ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၀ နာရီ) ပြန်ရှာလို့မရသေးဘူး။ ဖမ်းခံရတဲ့သူတွေလည်းအများကြီး၊ အိမ်မီးရှို့ခံရတာတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ပေါက်မြို့နယ် တောင်ပိုင်း ကင်းမကျေးရွာနှင့် နယ်နမိတ်ဆက်စပ်နေသည့် ရှားလှကျေးရွာသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် အားကောင်းခဲ့သည့်ဒေသတစ်ခုဖြစ်ပြီး အိမ်ခြေ ၂၅၀ ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။
ကလေးငယ် ရာနှင့်ချီပါဝင်သည့် လူပေါင်း ၁၅၀၀ နီးပါးမှာ လက်ရှိအချိန်အထိ တောထဲတွင် တကွဲတပြားစီ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်များ ရွာထဲတွင် တပ်စွဲထားကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်တပ်က ရိက္ခာလမ်းကြောင်း ဖြတ်တောက်ထားသည့်အတွက် စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြောင်း သိရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment