ပူတာအိုတွင် ဒေသခံများကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ပြုလုပ်ထား၊ ရွာပြင်ထွက်လျင် ပစ်သတ်မည်ဟု ခြိမ်းခြောက်
ပုံ - ၂၀၁၉ ခုနှစ်က ကချင်ပြည်နယ် နမ်ဆန်ယန်ကျေးရွာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ |
ပူတာအို - ဖေဖော်ဝါရီ ၇၊ ၂၀၂၂။
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာကျေးရွာအတွင်းရှိဒေသခံ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအပြင်ထွက်လျှင် ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကားသုံးစီးဖြင့် ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ဝင်ရောက်လာခြင်းဖြစ်ပြီး လူသားဒိုင်းပြုလုပ်ရန် ခြိမ်းခြောက်ထားခြင်းဖြစ်သည်ဟု ဒေသခံနှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။
“စစ်သား ၆၀ ၇၀ လောက်ရှိမယ်။ဒေသခံတွေကို ရွာအပြင်ထွက်ရင် ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ KIA လာပစ်ရင် လူသားဒိုင်းလုပ်ဖို့ နေမှာ။” ဟုပြောသည်။
ဒေသခံနှစ်ဦးကို KIA ရှိသည့်နေရာ လိုက်ပြရန် ခြိမ်းခြောက်ခေါ်ဆောင်မှုများလည်း ရှိသည်ဟု သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးသယ်ဆောင်လာသည့် ကားတစ်စီး စစ်အင်အား အပြည့်ပါဝင်သည့် ကားတစ်စီးဖြင့် ထပ်မံအင်အားဖြည့်ထားသဖြင့် တိုက်ပွဲများဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်လာကြသည်။
ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့က KIA နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆွမ်ပီယာန်ကျေးရွာမှ ဒေသခံ ပြည်သူ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်ရှစ်လုံးပျက်စီးခဲ့သည်။
The 74 Media
No comments:
Post a Comment