ဖားကန့်တိုက်ပွဲအတွင်း မပြေးနိုင်သည့် ဒုက္ခိတတစ်ဦးကို စစ်ကောင်စီက ဦးခေါင်းတွင် ပစ်သတ်ပြီး အလောင်းဖျောက်
ဖားကန့် - ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။
ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးနေသည့် ခြေမသန်စွမ်း ဒေသခံအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ဖားကန့်မြို့နယ်၊ ဆိုင်းဖရာကျေးရွာတွင် တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
ပစ်သတ်ခံရသော အဆိုပါမသန်စွမ်းအမျိုးသားတွင် ဦးခေါင်းပွင့် ဒဏ်ရာများတွေရှိခဲ့ပြီး ယနေ့ ကောင်းမွန်စွာ မြုပ်နှံ သင်္ဂြိုလ်ပေးခဲ့ကြောင်း ဆိုင်းဖရာကျေးရွာ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့မှ သေချာပြန်သွားမြုပ်တာပေါ့။ သူက ဒုက္ခိတလည်း ဖြစ်တော့ ပြေးလည်း မပြေးနိုင်ဘူးလေနော့်။ အဲ့ဘေးနားမှာကို ဦးနှောက်တွေထွက်နေတာ နောက်စေ့ဘက်ပေါ့။ အနံ့လည်း အရမ်းထွက်နေတယ်။ ဂျိုင်းထောက်နဲ့သွားနေရတဲ့သူကိုတောင် သတ်လိုက်သေးတယ်” ဟု ပြောသည်။
ရုပ်အလောင်းတူးဖော်တွေ့ရှိရာ နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝါးပလိုင်း (ခြင်းကြား) သုံးခုခန့်တွေ့ရှိခဲ့ကြောင်း သူကပြောသည်။
စစ်ကောင်စီတပ်များ ပစ်သတ်ခဲ့သူမှာ အသက် ၄၅ နှစ်အရွယ်ခန့် ဦးစင်လယ်ဆင်ဆာဖြစ်ပြီး သူ၏ ရုပ်အလောင်းကို ငှက်ပျောတောစိုက်ခင်းတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
“စစ်တပ်က သတ်သွားတာပါ။ မြေကြီးတွေကို မြုပ်ထားတာနဲ့ မတူအောင် ညီညီညာညာလေး ဖုံးထားတာ၊ အလောင်းဖွက်တာပေါ့။ ဘေးနားမှာ ခြင်းကြားတွေ တွေ့ခဲ့တယ်။ ဒီကိစ္စအပေါ် စစ်တပ်ဘက်ကတော့ ဘာမှ တာဝန်ယူပေးတာမျိုးမရှိဘူး။ ရွာသားတွေကပဲ သေချာပြန်ပြီး မြုပ်နှံပေးခဲ့ပါတယ်”ဟုပြောသည်။
ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သေဆုံးသူ မသန်စွမ်းမှာ ယာတဲမှ ထွက်ပြေးချိန်တွင် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူနှင့်အတူတကွ ပျောက်ဆုံးနေခဲ့သည့် အသက် ၃၀ ခန့်အရွယ် လူငယ်တစ်ဦးမှာလည်း ယမန်နေ့က ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာနှင့် မနော့မှော်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
The 74 Media
No comments:
Post a Comment