တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁
ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေဟာ ဒီနေ့မနက်ကစပြီး အစာငတ်ခံဆန္ဒပြနေကြတယ်လို့ ထားဝယ်ထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
အာဏာသိမ်းဖြစ်စဥ် ၁နှစ်ပြည့် အသံတိတ်သပိတ်ပြုလုပ်နေတဲ့အချိန်မှာပဲ ထားဝယ်ထောင်ထဲက နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားတွေလည်း အစာငတ်ခံဆန္ဒပြနေကြတယ်လို့ ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
အာဏာသိမ်းမှုတစ်နှစ်ပြည့်တဲ့နေ့မှာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြတာဖြစ်တယ်လို့ သိရပါတယ်။
"အပြင်ကပြည်သူတွေနဲ့ တသွေးတည်းတစ်သားတည်းရှိတယ်ဆိုတာပြချင်လို့လုပ်တာပါ။ ထောင်ထဲရောက်နေပေမယ့် အာဏာရှင်ကို ဦးမညွတ်ဘဲ အဆုံးထိဆန့်ကျင်နေကြတာ" လို့ ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်သူက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
အစာငတ်ခံဆန္ဒပြရာမှာ နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားအများစုပါဝင်ပြီး ဘယ်နှရက်အစာငတ်ခံဆန္ဒပြမယ်ဆိုတာကိုတော့မသိရသေးပါဘူး။
ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရပြီး အကျဥ်းသားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းတာ၊ ထမင်းသိုးဟင်းသိုးတွေကျွေးတာတွေ၊ မိသားစုကပေးပို့တဲ့ ပါဆယ်ပစ္စည်းတွေခိုးယူခံရတာတွေ၊ ထောင်တွင်းလိုအပ်တဲ့ပစ္စည်းတွေ စျေးအဆမတန်ပေးဝယ်ရတာတွေစသဖြင့် အကျဥ်းသား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေကပြောပါတယ်။
ယခုလက်ရှိအချိန်ထိ ထားဝယ်အကျဥ်းထောင်မှာ အမျိုးသား ၁၄၀ ကျော် နဲ့အမျိုးသမီး ၂၀ ကျော်နိုင်ငံရေးပုဒ်မတွေနဲ့အမိန့်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
The Tanintharyi Times
No comments:
Post a Comment