(သာပေါင်း) ဖေဖော်ဝါရီ ၁၆ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဒုရဲအုပ်တဦး သေနတ်ပစ် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
လှေကြီးတက်ကျေးရွာမှာ စက္ကူပျော့ဖက်စက်ရုံမှာ ရဲကင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ်ဆိုသူ ဟာ လွန်ခဲ့တဲ့ ၆ ရက်လောက်က သေနတ်နဲ့ပစ်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့က ရက်လည်တာ လွန်ခဲ့တဲ့ ၆ ရက်က ဖြစ်တာ။ သတင်းအုပ်ထားတာ။ သူမလုပ်ချင်တော့လို့ ပင်စင်တင်တာကြာပြီ။ ပင်စင်မပေးတော့ ပါးစပ်ထဲခြောက်လုံးပြူးထည့်ပစ်ပြ သေသွားတာ”လို့ ရဲကင်းနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် ပင်စင်တင်ခဲ့ ပေမယ့် ခွင့်မပြုတာအပြင် ဖိအားတွေများလာလို့ ခုလိုမျိုး လွတ်မြောက်တဲ့နည်းလမ်းကို ရွေးချယ်သွားတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။
“သူနဲ့ တိုင်းရုံးမှာ တခါဆုံးဘူးတယ်။ လူအေးဗျ။ သိပ်တော့မရင်းနှီးဘူး။ စီနီယာက သူကစောမယ်ထင်တယ်။ သင်တန်းအပတ်စဉ်ပေါ့။ သူက ပင်စင်တင်တာကြာပြီ။ မကျတဲ့အပြင် ဖိအားမျိုးစုံပေးလာတော့ သူဒီလိုလုပ်သွားတာ ထင်တယ်”လို့ ရဲတပ်ဖွဲ့ဝင်အရာရှိဟောင်းတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရဲတပ်ဖွဲ့ကို အရင်ကထက်ပိုမိုထိန်းချုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ နှုတ်ထွက်ခွင့်နဲ့ ပင်စင်ကို ထိန်းချုပ်ခဲ့တာကြောင့် သေဆုံးမှုနဲ့ ရဲပြေးမှုတွေ ပိုမိုဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment