မန္တလေး သံဃသမဂ္ဂ ဆရာတော်များ/ Photo - သံဃသမဂ္ဂ - မန္တလေး |
အဆိုပါ ကျောင်း၌ သံဃသမဂ္ဂ သံဃာတော်တစ်ပါး သတင်းသုံးဖူးသည်ဟုဆိုကာ စစ်အုပ်စု ချိတ်ပိတ်ခြင်းဖြစ်၊
ဖေဖော်ဝါရီ - ၆
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၀ိဇိတာရာမကျောင်းတိုက်၊ တေဇာလင်္ကာရကျောင်းရှိ သံဃာတော်များအား ကျောင်းပေါ်မှ နှင်ချကာ စစ်ကောင်စီက ယမန်နေ့ ဖေဖေါ်ဝါရီ(၅)ရက်တွင် ကျောင်းအား ချိတ်ပိတ်သွားကြောင်း မန္တလေး သံဃသမဂ္ဂ ဆရာတော်များက မိန့်ကြားသည်။
အဆိုပါ မန္တလေး ဝိဇိတာရာမတိုက်၊ တေဇာလင်္ကာရကျောင်း၌ မန္တလေး သံဃသမဂ္ဂ ဆရာတော်တစ်ပါး ခေတ္တ သီတင်းသုံးဖူးသည်ကို အကြောင်းပြကာ အထက်ပါအတိုင်း ကျောင်းအား ချိတ်ပိတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
၄င်းကျောင်း၌ သီတင်းသုံးလျှက် ရှိသော ဆရာတော်၊ သံဃာတော်များအား ကျောင်းပေါ်မှ ဖယ်ရှားခိုင်းကာ စစ်အုပ်စုက ကျောင်းအား ချိတ်ပိတ်ခဲ့သည်ဟု မန္တလေး သံဃသမဂ္ဂ အမှုဆောင် ဆရာတော်တစ်ပါးက MFP သို့ မိန့်သည်။
"မနေ့ကပေါ့။ ဖမ်းတာဆီးတာတော့ မရှိဘူး။ ကျောင်းမှာ ခေတ္တလာရောက် သီတင်းသုံးခဲ့ဖူးသော ဓမ္မဘက်သား သံဃာတော်တစ်ပါး၏ နိုင်ငံရေး လုပ်ဆောင်မှုအား အကြောင်းပြကာ မဆီမဆိုင် ကျောင်းတိုက်တစ်ခုလုံးကိုပါ ချိတ်ပိတ် သိမ်းယူလိုက်ခြင်းပါ"ဟု မန္တလေး သံဃသမဂ္ဂ ဆရာတော်က မိန့်သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်အုပ်စုသည် အဆိုပါ ဝိဇိတာရာမတိုက်အတွင်သို့ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ကျောင်းတိုက်များအတွင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ဆိုင်ကယ်နှင့် ကားအချို့ကို သိမ်းယူသွားခဲ့သေးသည်။ ထို့အပြင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မြတောင်ကျောင်းတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် အခြားသော ကျောင်းတိုက်ကြီးအချို့ကိုလည်း စစ်အုပ်စုက စီးနင်းဝင်ရောက်ခြင်း၊ ရှာဖွေစစ်ဆေးခြင်း၊ သံဃာတော်များအား ဖမ်းဆီးခြင်းနှင့် ရန်ပြုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
အာဏာသိမ်း စစ်အုပ်စုကို မန္တလေးရှိ ဆရာတော်၊ သံဃာတော်များက ဆန့်ကျင်လျှက် ရှိသလို မန္တလေး သံဃသမဂ္ဂ ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်အုပ်စုကလည်း ရဟန်း၊ ရှင်၊ လူ မရွေးဘဲ ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ဖိနှိပ်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment