စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခံရလို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦး ထိခိုက်


သဲကုန်း၊ ဖေဖော်ဝါရီ၁၂၊ ၂၀၂၂။

ပဲခူတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်ကို သဲကုန်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့ မနက် ၅နာရီဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး စစ်သား ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်သား၅ဦး လမ်းပေါ်မှာ လဲကျနေတာကို ဒေသခံတွေက မြင်တွေ့ရပြီး စစ်ကားနဲ့ တင်ခေါ်သွားတယ်လို့ သဲကုန်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ခံက ပြောပါတယ်။

"ဝင်ပစ်တဲ့အချိန်မှာ သူတို့က သဲဘန်ကာထဲမှာဆိုတော့ အပြန်အလှန်ပစ်တာရှိတယ်၊ သူတို့အိပ်မောကျနေတဲ့အချိန်အလစ်ကို ဝင်ပစ်တာပါ" လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ စစ်သား ၅ဦးကို တပ်မ‌တော်စစ်ဆေးရုံကို သယ်သွားတယ်လို့ ပြောပါတယ်။

"အင်အားက ၈ယောက်လောက်ပဲရှိမယ် သေချာမမြင်ရဘူးဗျ အမှောင်ထဲဆိုတော့၊ ဟုတယ်ဗျ အတည်ပြုမရသေးပါဘူး  မျက်မြင်အရကတော့ ၅ယောက်ပဲလဲကျနေတာမြင်တယ်၊ သေဖို့လဲ များတယ် ဆေးရုံခေါ်သွားတော့" လို့ ပြောပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်က သဲကုန်းမြို့ဦး၊ တပ်ရွာထိပ်မှာ ရှိပြီး အရင်ကတော့ ကိုဗစ် စစ်ဆေးရေးဂိတ်ဖြစ်ပေမယ့် လက်ရှိမှာ စစ်ကောင်စီရဲ့ လုံခြုံရေးစစ်ဆေးဂိတ်ဖြစ်နေပြီး အဲ့ဒီဂိတ်ဖြတ်ရင် ဆိုင်ကယ်ဆင်းတွန်းပြီး ခေါင်းငုံ့ပြီး ဖြတ်ရတဲ့ အခြေအနေ ရှိတယ်လို့ ပြောပါတယ်။

"စစ်ကောင်စီလက်အောက်မှာ  တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း‌တွေကို နောက်နောင်ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပီး သတိပေးခြင်းအနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်" လို့ သဲကုန်းမြို့ ပြည်သူကာကွယ်ရေးတပ်မတော် တာဝန်ခံက‌ ပြောပါတယ်။

ပစ်ခတ်မှုတွေ အပြီးမှာ လုံခြုံရေး တင်းကြပ်ထားပြီး လက်ရှိညပိုင်းအချိန်အထိ စစ်ကောင်စီက သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခံရလို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦး ထိခိုက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခံရလို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦး ထိခိုက် Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.