ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိ
ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ယမန်နေ့ နံနက် ၆ နာရီခန့်တွင် PDF-Kalay၊ CDF-KKG၊ RKDF၊ CDF-Hakha နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂) ဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း (၂) ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
ထပ်မံ၍ ယမန်နေ့ည ၁၀ နာရီခွဲခန့်တွင် ကလေးမြို့မှ တောင်ပိုင်းသို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီကား (၁) စီးကို ချင်းဆိုင်ရွာနှင့် ဇင်းကလင်းရွာအကြားတွင် PDF-Kalay တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်မှ စစ်ကောင်စီတပ်သား အနည်းဆုံး (၃) ဦးသေဆုံးပြီး အများအပြားထိမှန်ဒဏ်ရာရရှိသွားကြောင်း PDF Kalay က ထုတ်ပြန်သည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးအခြေအနေဆက်လက်တင်းမာလျက်ရှိသဖြင့် ကလေး - ဂန့်ဂေါလမ်းမကြီးကို အသုံးပြုသွားလာခြင်းမပြုကြပါရန် PDF Kalay မှ သတိပေးထုတ်ပြန်ထားသည်။
PDF Newsflash
No comments:
Post a Comment