ယမန်နေ့ညတိုက်ပွဲတွင် ရဟတ်ယာဥ်ဖြင့် စစ်ကူရောက်လာသောစစ်ကောင်စီတပ်ဖွဲ့များပါသေဆုံးဟု ဒေသခံပြော
ကချင်ပြည်နယ် ၊ဖားကန့် မြို့နယ်ရှိ မနော့မှော် နှင့် ကပ်မော်ရွာအနီးကချင်လွတ်လပ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀၀ခန့်သေဆုံးခဲ့ကြောင်း KIA နှင့်နီးစပ်သောသတင်းရင်းမြစ်များနှင့် ဒေသခံများကပြောသည်။
ဖေဖော်ဝါရီ ၃ ရက်မှ စ၍ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကအထိနာသဖြင့် ဖေဖော်ဝါရီ ၅ ရက်ညနေတွင် ရဟတ်ယာဥ်များဖြင့် စစ်ကောင်စီတပ်က တပ်သားများအကူပို့ထားသော်လည်း ယမန်နေ့(ဖေဖော်ဝါရီ ၅)ည တိုက်ပွဲတွင် အကူရောက်လာသောစစ်ကောင်စီတပ်သားများအပါအဝင်အများအပြားထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၃ ရက်ကတည်းကဆိုပါက စစ်ကောင်စီတပ်သေဆုံးသူ ၂၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
"မိုးကလည်း၃ရက်လုံးရွာတိုက်ပွဲကလည်းကြမ်းတယ်ဗျ။ သူတို့ဖက်က စစ်တပ်က စစ်ကြောင်းမှူးတပ်ရင်းမှူးပါကျသွားတာ အလောင်းလာသယ်တယ်လေ။ ဒါဏ်ရာရမဟုတ်ဘူး။သေတာ သူ့အလောင်းပဲလာသယ်တာ။ ကျန်တာတွေက မိုးထဲဗွက်ထဲမှာပက်လက်မှောက်လျက် ကားကားကြီးတွေပဲ ။ပုံနေတာ ကျနော်တို့လည်းသိပ်အနားမကပ်ရဲဘူး ။ ရာကျော်တာပေါ့ ဘယ်ကမလဲ သုံးရက်ပေါင်းဆို ၂၀၀လောက်ရှိမယ် ။ဓာတ်ပုံရိုက်ချင်တာပေါ့ဗျာ မိုးကလည်း ဆက်တိုက်ရွာ အဝေးကလှမ်းရိုက်ကြည့်တော့ ဗွက်တွေလူးနေတော့သူတို့အလောင်းတွေပုံထပ်ပြီးရောနေတာ"ဟု ဖားကန့်လမ်း နန့်ယားကျေးရွာအုပ်စု မနန့်မှော် မှဒေသခံတစ်ဦးက တိုက်ပွဲအခြေအနေကို ပြောသည်။
"ကြာကြာမနေရဲဘူးဗျ သူတို့ရှုံးမဲမဲပြီးလေယာဉ်နဲ့လာရမ်းပစ်တာ။ကျနော်တို့လည်းကလေးတွေဆွဲပြီးပြေးရတာပဲ လေယဉ်ကလျောက်ရမ်းနေတာလေဗျာ။ ရွာထဲတောင်မနေရဲဘူးအခုပစ်သံတွေပြန်ကြားရပြန်ပြီ ။ ညက လေကြောင်းကအသစ်လာချသွားတာဖြစ်မယ် ။ဘယ် ..အရင်ရှိတာတွေကမတိုက်နိုင်တော့ဘူး "ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
သည်းထန်စွာရွာနေသောမိုးအောက်တွင် ယမန်နေ့ညတိုက်ပွဲမှာ ပြင်ထန်ပြီး မနေ့ကမှစစ်ကူထပ်ရောက်လာသော စစ်ကောင်စီတပ်သားအားလုံးနီးပါသေဆုံးသွားကြောင်းလည်းအခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ KIA တပ်ဖွဲ့ဝင်အချို့လည်း ကျဆုံးဒဏ်ရာရရှိခဲ့ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်က အထိနာသဖြင့် လက်နက်ကြီးများဖြင့် အချက်ရေများစွာပစ်ခတ်သလို ၊လေယာဥ်များဖြင့်ပါ ပြည်သူများနေထိုင်သောကျေးရွာများကိုပါ ဗုံကြဲခဲ့သဖြင့် ဖေဖော်ဝါရီ ၅ ရက်တွင် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး နေအိမ်ဗုံထိမှန်ပြီး သင်းအုပ်ဆရာကွယ်လွန်ခဲ့သည်။ထိုအပြင် ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး ၊အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများက ပြောသည်။
"မနေ့က တိုက်ပွဲမှာ စစ်တပ်က ဗုံးကြဲချတာ သင်းအုပ်ဆရာနေအိမ် ဗုံးထိပြီး ဆရာ သေဆုံးသွားတယ်။လေကြောင်းမလာခင်မှာ KIA နဲ့ PDFက ဗျင်းထားတာ တပ်ရင်မှုးပါကျတယ်ကြားတယ်။ သူတို့ စစ်ခွေးအလောင်းတွေ ပုံထပ်နေတယ်လို့လည်း သိရတယ်"ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများထဲမှ အရာရှိအလောင်းများကိုသာ လေယာဥ်ဖြင့် သယ်ဆောင်သွားသည်ဟုလည်း မျက်မြင်တွေ့သူအချို့က ပြောသည်။
ဖားကန့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု များသည်ဟု ကြားသိရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။
“ သူတို့က တော်ရုံဟတ်စကီးမသုံးဘူး။ သူတို့ဘက်က အထိနာတာတို့ စခန်းသိမ်းခံရတာတို့ ဖြစ်ရင်တော့ ဟက်စကီးနဲ့ ပြန်လာတိုက်တယ်။ ဟိုတလောကလည်း ပူတာအိုဘက်မှာ ဒီအတိုင်းပဲလေ။ စခန်း ကျသွားတာ ရွာနားလေး ဟက်စကီးနဲ့ လိုက်ပစ်တော့ ရွာသားတွေလည်း ထွက်ပြေးရတာ။ သူတို့ဘက်က ထိခိုက်နစ်နာတာမရှိရင် ဟက်စကီးသုံးတဲ့အဆင့်တော့ ခါတိုင်းတော့ မရှိဘူး။ အခု ဟတ်စကီးသုံးပြီဆိုကတည်းက သူတို့ဆီမှာ အထိနာလို့ ဖြစ်တယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် သိရတာပေါ့” ဟု ၎င်းက ဆိုသည်။
နမ့်ယားကျေးရွာသည် ဖားကန့်၊ ကာမိုင်းနှင့် လုံခင်းကြားတွင်တည်ရှိပြီး တောတောင်ထူထပ်သည့်နေရာတစ်ခုဖြစ်သည်။ စစ်ကောင်စီတပ်က တပ်ရင်းမှူးပါသေဆုံးသလို တပ်ဖွဲ့ဝင် ၂၀၀ ခန့်သေဆုံးထားသဖြင့်ရဟတ်ယာဥ်ဖြင့် စစ်ကူများထပ်မံပို့နေကြောင်းလည်း ဒေသခံများကဆက် ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၆ရက်) နေ့လယ်တွင်လည်း တိုက်ပွဲပြန်လည်ဖြစ်နေပြီး ဖားကန့်တက်မည့်ကားများရောက်ရာနေရာတွင် ခေတ္တရပ်တန့်ထားရန် ဒေသခံများက အကြံပြုသည်။
စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နေသောတပ်မှာ KIA အမှတ် (၄၄)တပ်ရင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း ကူညီတိုက်ခိုက်ပေးနေကြောင်း သိရသည်။ မနော့မှော်နှင့် ကပ်မှော်တိုက်ပွဲနှင့်ပတ်သပ်၍ အသေးစိပ်မေးမြန်ရန် KIA သို့ လူထုနွေဦးသတင်းဌာနကဆက်သွယ်သော်လည်းဆက်သွယ်မရသေးပါ။KIA ကတိုက်ပွဲသတင်းများတွင် ရန်သူတပ်သားသေဆုံး၊ဒဏ်ရာရမှုများကို ထုတ်ပြန်လေ့မရှိပေ ။
ကချင်ဒေသတိုက်ပွဲသတင်းများကို အမြဲဦးစွာဖော်ပြပေးနေသော ကချင်မြေ Global Media ကလည်း "ကချင်ပြည်နယ် ဖားကန့်လမ်း မနော့မှော် နှင့် ကပ်မော် ရွာအား KIA သိမ်းလိုက်ပြီ။ စကစတပ်သား ၂၀၀ ဝန်းကျင် သေဆုံးသူများပြား KIA ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးမှုရှိတယ်လို့သိရှိရသည်"ဟု ယနေ့မွန်းလွှဲ ၁ နာရီ ကျော်တွင် ဖော်ပြထားသည်။
People's Spring
No comments:
Post a Comment