ခင်ဦးတိုက်ပွဲ ကျဆုံး ပြည်သူ့ရဲဘော် ငါးဦးသည် ရပ်ရွာ ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ် လက်နက်ကြီးထိမှန်ကာ ကျဆုံးခြင်းဟုဆို၊
ခင်ဦး သရက်ကန်ရွာ တိုက်ပွဲတွင် ဆုံးရှုံးခဲ့သည့် ပြည်သူ့ရဲဘော်များ၏ လက်နက်ခဲယမ်းများ/Photo – SS |
ဖေဖော်ဝါရီ - ၂၀
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း သရက်ကန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးထိမှန်ကာ ပြည်သူ့ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း ခင်ဦးနယ် ဒေါင်းစစ်သည်အဖွဲ့မှ ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။
အဆိုပါ ကျဆုံးသည့် ပြည်သူ့ရဲဘော်များသည် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက် လိုစိတ်ဖြင့် ကျေးရွာ အလိုက်ဖွဲ့စည်းထားသော ဒေသ အဖွဲ့အစည်းငယ်များ ဖြစ်ပြီး ယနေ့ တိုက်ပွဲတွင် ခေါင်းဆောင် အပါအဝင် ငါးဦး ကျဆုံးခြင်း ဖြစ်သည်။
ယနေ့ ဖေဖေါ်ဝါရီ(၂၀)ရက် နံနက် အစောပိုင်းက ခင်ဦးမြို့နယ် စည်ပုတ္တရာ ကျေးရွာ၌ PDF သင်တန်းတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါ သင်တန်းသို့ စစ်ကောင်စီတပ်များ လာရောက်တိုက်ခိုက်ရာမှ သရက်ကန်နှင့် စည်ပုတ္တရာ ကျေးရွာကြားတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းဟု ဒေါင်းစစ်သည်အဖွဲ့မှ ရဲဘော်တစ်ဦးက ရှင်းပြသည်။
သရက်ကန်နှင့် စည်ပုတ္တရာကျေးရွာသည် ကန့်ဘလူနယ်အစပ်တွင် တည်ရှိပြီး ကန့်ဘလူဘက်မှ ပျူအဖွဲ့နှင့် ခင်ဦးနယ်ရှိ စစ်ကောင်စီတပ်များက နှစ်ဖက်ညှပ်ပိတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။
"မနက်မိုးလင်းတာနဲ့ လက်နက်ကြီးသံကြားလို့ တပ်ကူ သွားကြသေးတယ်။ ခွေးတွေက လက်နက်ကြီးနဲ့ ခွထုတာနဲ့ ကိုယ့်အဖွဲ့တွေ နောက်ဆုတ်ခဲ့ရတာ။ သရက်ကန်က PDF ခေါင်းဆောင်အပါအဝင် ငါးဦးကျတယ်"ဟု ဒေါင်းစစ်သည်အဖွဲ့မှ ရဲဘော်တစ်ဦး ပြောသည်။
ခင်ဦးနယ်၌ ကျေးရွာအလိုက် ဖွဲ့စည်းထားသော ရပ်ရွာကာကွယ်ရေး အဖွဲ့များကို စစ်အုပ်စုက လက်နက်အင်အား အသားစီးဖြင့် တိုက်ခိုက်နေပြီး ဒေသကာကွယ်ရေး အဖွဲ့များ အနေဖြင့်လည်း စုစည်းမှု အားနည်းသည့်အတွက် ယခုကဲ့သို့ အကျအဆုံး များရခြင်းဟု ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။
“ဟိုဘက် စခတွေက လက်နက်ကြီးတွေ တအုန်းအုန်းနဲ့ ထုပြီး ထင်သလိုကို ပစ်ခတ်သွားတာ” ဟု ဒေသခံတစ်ဦးက ယနေ့ မနက်ပိုင်း တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ MFP သို့ ပြောသည်။
ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာနှင့် ပေကုန်းကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး PDF ခေါင်းဆောင် အပါအဝင် အလောင်း ငါးလောင်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိကြောင်း စစ်အုပ်စုက သတင်းလွှင့်သည်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၁၇)ရက်ကလည်း ခင်ဦးမြို့နယ် ကံကြီးကုန်းနှင့် မြို့သစ်ရွာအနီးတွင် စကစနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မညီမျှသဖြင့် ပြည်သူ့ရဲဘော် (၁၄)ဦး ကျဆုံးခဲ့ရသေးသည်။
လက်ရှိတွင် စစ်ကောင်စီက ခင်ဦး အပါအဝင် ရွှေဘိုခရိုင်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓာပြတိုက်လုယက်၊ နေအိမ်မီးရှို့ခြင်းများ ကျူးလွန်နေသလို ဒေသခံ အရပ်သားပြည်သူများအား ပစ်ခတ်သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်ကာ ဒေသခံ ပြည်သူ့ကာကွယ် တပ်ဖွဲ့များအား စစ်မြှူတိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် ထောက်လှမ်းကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်းများအား စီးနင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်။
Mandalay Free Press - MFP
No comments:
Post a Comment