တန့်ဆည် - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ လေးရက်တိုင် ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက နေအိမ်အလုံး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
"အခု ၃၉ လုံး မီးလောင် ဖျက်ဆီးခံရတယ်။ အာဏာသိမ်းကာလအတွင်း ၁၂၄ လုံး မီးရှို့ခံရပြီး ၂၀၀ ထက်မနည်း ဖျက်ဆီးခံရတယ်။" ဟုသူကပြောသည်။
ထိုစစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက် ၁၀ နာရီခန့်က ကာပေါင်းကျကျေးရွာမှ ပြန်လည်ထွက်ခွာစဉ် ရွာအနောက်ပိုင်းတွင် မိုင်းဆွဲခံရကြောင်း သူကဆက်ပြောသည်။
စစ်ကောင်စီစစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့သည့် ကာပေါင်းကျကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ခန့်နေထိုင်သော ကျေးရွာဖြစ်ပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ခုနှစ်လခန့်ရှိပြီဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှစတင်ကာ ယနေ့ထိ ၁၃ ကြိမ်တိုင်တိုင် ဝင်ရောက်တပ်စွဲခဲ့ပြီး ပေချောင်ကျေးရွာ၊ ပုတီးကျေးရွာ၊ ထန်းကုန်းကြီးကျေးရွာ၊ ကာပေါင်းကျကျေးရွာနှင့် ခရုတောကျေးရွာမှ နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်။
တန့်ဆည်မြို့နယ်အတွင်းရှိ ကျီကုန်း(တောင်) ကျေးရွာတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက စပါးတိုက်အပါအဝင် နေအိမ် ၁၆ လုံးကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။
The 74 Media
No comments:
Post a Comment