ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ ၂၀၂၂
အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မင်းအောင်လှိုင်အတွက် အိပ်မက်ဆိုးတွေလာပြီလို့ ပြည်သူ့ဖက်ကရပ်တည်နေတဲ့ CDM စစ်သားတွေက အခုရက်ပိုင်းမှာပြောလာကြပါတယ်။
မကြာသေးခင်ရက်ပိုင်းက တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်မှူးကြီးတချို့ပြည်သူ့ဖက်ရပ်တည်လာတဲ့အခါအခုလိုပြောလာတာပါ။ နောက်ထပ်ဒုတိယဗိုလ်မှူးကြီးနဲ့အထက် တပ်မတော်အရာရှိကြီးများလည်း ပြည်သူ့ဖက်ရပ်တည်ကာ CDM လုပ်လာဖို့ရှိတယ်လို့လည်းပြောဆိုရေးသားတာတွေရှိလာနေပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး မတ်လဆန်းကစလို့ပြည်သူ့ဖက်ရပ်တည်လာသော စစ်သားများထဲတွင်ဗိုလ်မှူးအဆင့်ကအမြင့်ဆုံးရှိခဲ့တာပါ။ သို့သော်လည်းအာဏာသိမ်းပြီး တနှစ်ခန့်အကြာမှာတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ တပ်ရင်းမှူးအဆင့် စစ်သားများပါ ပြည်သူ့ဖက်ကိုရပ်တည်လာနေပြီဖြစ်ပါတယ်။
အခုလိုစစ်တပ်မှာအရေးပါတဲ့ ခေါင်းဆောင်တွေ ပြည်သူ့ဖက်ရပ်တည်လာခြင်းဟာ ဗိုလ်ချုပ်မင်းအောင်လှိုင်အတွက်တော့ အိပ်မက်ဆိုးတစ်ခုလို ဖြစ်လာနေပြီလို့ပြည်သူ့ဖက်ရပ်တည်လာတဲ့ CDM စစ်သည်များက ပြောဆိုနေကြတာပါ။
အာဏာသိမ်းဖို့ကြံစည်ကတည်းက ဗိုလ်ချုပ်မင်းအောင်လှိုင် အကြောက်ဆုံးနှစ်ခုရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း အာဏာသိမ်းပြီးကစနေ့တွေမှာဆိုရင် သူ့စစ်သားတွေထဲက သူ့ကိုပြန်လည်တိုက်ခိုက်လာမှာစိုးရိမ်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ရုံးမထိုင်ပဲ နေရာရွှေ့ရုံးထိုင်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်အကြောက်ဆုံးနှစ်ခုထဲက တစ်ခုဟာဆိုရင် သူအတွက်အသေခံတိုက်ပေးနေတဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ သူ့စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဖက်ရပ်တည်မှာကိုအကြောက်ဆုံး ဖြစ်ခဲ့တာပါ။
အဲဒီအတွက်လည်းမဲမသမာမှုကြောင့်အာဏာသိမ်းရတာဖြစ်တယ်ဆိုတာကို စစ်သားတွေယုံအောင်ပြောနေရတာပါ။ သူကိုယ်တိုင် မကြာခဏဆိုသလို စစ်တိုင်းဌာနချုပ်တွေထိသွားရောက်ပြီးအရာရှိစစ် သည်မိသားစုတွေကိုစည်းရုံးနေရတာပါ။ အခုချိန်ထိလည်း သွားရောက်စည်းရုံးနေရဆဲဖြစ်ပါတယ်။ အခုလိုအင်တိုက်အားတိုက်စည်းရုံးရတာလည်းအကြောင်းအရင်းရှိပါတယ်။
အရာရှိစစ်သည်တွေထဲမှာ အာဏာမသိမ်းခင်ကတည်းက သူရဲ့လုပ်ဆောင်မှုတွေကိုမကြိုက်နှစ်သက်သူများစွာရှိနေလို့လည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်တပ်ချုပ်ဖြစ်လာကတည်းက မြန်မာစစ်တပ်အတွက် အဆိုးဖက်ကိုသာဦးတည်လာခဲ့တာပါ။ စစ်တပ်အတွင်းလူတန်းစားကွာဟမှု အရမ်းကြီးလာခဲ့ပါတယ်။ မူဝါဒဆိုတာထက် လူကိုခင်ရင်မူကိုပြင်တယ်ဆိုတာမျိုးကိုသာ ဖေါဖေါသီသီ ကျင့်သုံးလာခဲ့ပါတယ်။ သူတပ်ချုပ်တာဝန်ယူပြီးသည့်အချိန်ကစလို့KIA နှင့် တိုက်တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဖက်ကအကျအဆုံးများခဲ့ပါတယ်။
ဒါ့အပြင် ကိုးကန့်ခေါင်းဆောင်ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့နဲ့တိုက်တဲ့တိုက်ပွဲတွေမှာလည်း တပ်မတော်ဖက်က အကျအဆုံးများခဲ့ပါတယ်။ အလားတူ TNLA နဲ့တိုက်တဲ့တိုက်ပွဲတွေမှာလည်း စစ်တပ်ဖက်ကအသေအပျောက်များခဲ့သလို အာဏာမသိမ်းခင် ရက္ခိုင်တပ်တော် AA နဲ့တိုက်ပွဲတွေမှာလည်း စစ်တပ်ဖက်က အကျအဆုံးများခဲ့ပါတယ်။
ဗိုလ်ချုပ်မင်းအောင်းလှိုင်တပ်ချုပ်ဖြစ်လာပြီးနောက်ပိုင်း တိုက်ခဲ့တဲ့တိုက်ပွဲတိုင်းမှာ တပ်မတော်ဖက်ကအကျအဆုံးများခဲ့ပေမဲ့ အင်အားနည်းသွားတဲ့ လက်နက်ကိုင်အဖွဲ့ဆိုတာမရှိခဲ့ပါဘူး။ ကိုးကန့် တအောင်းပလောင်နဲ့ရက္ခိုင်တပ်မတော်တွေဟာ ပိုမိုအင်အားများလာခဲ့ပါတယ်။ သူ့လက်ထက်မှာတိုက်ခဲ့တဲ့တိုက်ပွဲတွေဟာအကျိုးစီးပွါးတစ်ခုအတွက်စစ်တိုက်နေတဲ့သဘောဖြစ်နေခဲ့ပါတယ်။
ဥပမာအနေနဲ့ရက္ခိုင်တပ်တော် AA ကို စစ်သည်များစွာ အသေခံတိုက်ခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံရေးအရဝါဒဖြန့်ဖို့လိုအပ်လာတဲ့အခါ AA ကိုယ်စားလှယ်ကို ရဟတ်ယာဉ်နဲ့နေပြည်တော်ထိခေါ်ခဲ့တာဟာ ထင်ရှားတဲ့ဥပမာဖြစ်ပါတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်တပ်ချုပ်ဖြစ်ပြီးသေနတ်သံတိတ်သွားတဲ့အချိန်ဟာမရှိသလောက် နည်းခဲ့ပါတယ်။ EAO တစ်ဖွဲ့မဟုတ်တစ်ဖွဲ့နဲ့တိုက်နေခဲ့ရတာပါ။ အဲဒီအတွက်လည်းတပ်ဖက်ကအကျအဆုံးများလာခဲ့ပါတယ်။
တပ်ရင်းတပ်ဖွဲ့တွေမှာ အင်အားလျော့နည်းလာတဲ့အတွက်လည်း လုပ်သက်ပြည့်စစ်သားများအနေနဲ့ထွက်ခွင့်မရဖြစ်လာခဲ့ပါတယ်။ စာချုပ်အရ စစ်သားလုပ်သက် ၁၀ နှစ်ပြည့်သည့်တိုင် စစ်တပ်ထဲကထွက်ခွင့်မရတော့ပါဘူး။ လုပ်သက်ပြည်သူတိုင်းကိုသာထွက်ခွင့်ပေးမယ်ဆိုရင်တပ်ထဲမှာ အလံတိုင်နဲ့အရာခံဗိုလ်ပဲကျန်မယ်လို့CDM စစ်သည်တွေက ယုံယုံကြည်ကြည်ပြောနေကြတာပါ။
ထွက်ချင်သူများပြီးဝင်မဲ့သူမရှိသလောက်ရှားနေတဲ့အတွက် စစ်သားသစ်စုဆောင်းတဲ့အခါ ရဲစခန်းမှာဖမ်းမိတဲ့ ခိုးဆိုးလုနှိက်တွေကို စစ်ထဲဝင်မလား ထောင်ကျခံမလားပြောဆိုပြီးစုဆောင်းရတဲ့အထိဖြစ်လာပါတယ်။ သူခိုးဂျပိုး၊ ရာဇဝတ်သားတွေဟာ စစ်ထဲဝင်မယ်ဆို တရားဆွဲဆိုမခံရတော့ပါဘူး။
တပ်မတော်ထဲဝင်မယ့်သူကမရှိ၊ ကျဆုံးသူကများလာတဲ့တွက် ကျန်တဲ့သူတွေက အလုပ်ပိုလုပ်လာရပါတယ်။ လယ်ယာကိုင်းကျွန်းမလုပ်ချင်လို့စစ်ထဲဝင်တဲ့ စစ်ဗိုလ်တွေဟာ တပ်ထဲရောက်မှ မွေးမြူရေးစိုက်ပျိုးရေးလုပ်ငန်းတွေကို မနားမနေလုပ်လာရပါတယ်။ ဒါ့အပြင်စစ်တပ်ဟာ စစ်သားအလုပ်နဲ့မဆိုင်တဲ့နိုင်ငံရေးလုပ်ငန်းတွေလုပ်လာရပါသေးတယ်။ ကြံခိုင်ရေးပါတီကိုထောက်ခံမှုရဖို့အတွက် တပ်ရင်းအလိုက်တန်ဖိုးနည်းသက်သာထမင်းဟင်းရောင်းတာတွေလုပ်ခဲ့ရပါတယ်။ အဲဒီအတွက် ဘတ်ဂျက်ချမပေးပဲ တပ်ရင်းတပ်ဖွဲ့ကစစ်သည်တွေ ကိုယ့်အိပ်စိုက်ပြီးလုပ်ကြရတာပါ။
ဒါ့အပြင်စစ်တပ်ထဲရာထူးတိုးပေးတဲ့အခါမှာလည်း မညီမျှမှုတွေသိသိသာသာရှိလာခဲ့ပါတယ်။ သူ့အကျိုးစီးပွားကိုလုပ်ဆောင်ပေးသူများသာ ရာထူးတိုးသူများလာနေတာပါ။ နောက်ခံမျိုးရိုးအင်အားမရှိသော သူများဆိုရင် ဗိုလ်ကြီးရာထူးဖြင့် ၈ နှစ်ခန့်ကြာနေသည့်တိုင် ဗိုလ်မှူးရာထူးမရသေးသူများစွာရှိလာခဲ့ပါတယ်။ မိဘမျိုးရိုးနှင့် အကပ်မကောင်းသူများမှာရှေ့တန်းနှင့်မွေးမြူရေးခြံများတွင်သာ အချိန် ကုန်ရတာများခဲ့ပါတယ်။
အခုလိုအရာရှိငယ်ပိုင်းတွင်မညီမျှမှုတွေများလာသလို အဆင်မြင့်ရာထူးပိုင်းအတွက်ရာထူးပေးရမှာလည်း မူဝါဒမရှိ ပေးချင်သလိုပေးလာတာတွေများလာခဲ့ပါတယ်။ ယခင်က စစ်ရေးချုပ်ဆိုရင် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီဥက္ကဋ္ဌ ရာထူးပါ ပူးတွဲတာဝန်ယူရတာပါ။
စစ်ထောက်ချုပ် ဆိုရင်လည်း MEC ဥက္ကဋ္ဌရာထူးပါတွဲကိုင်ရတာပါ။ သို့သော်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင်တပ်ချုပ်ဖြစ်လာပြီးတဲ့အချိန်ကစလို့သူ့အကျိုးစီးပွားလုပ်ဆောင်ပေးတဲ့ စစ်ထောက်ချုပ် ဗိုလ်ချုပ်ညိုစောဟာ အသက် ၆၀ ပြည့်လို့ စစ်ထောက်ချုပ်က နားသွားပေမဲ့ MEC ဥက္ကဋ္ဌ တာဝန်ဆက်ပေးထားပါတယ်။
တပ်မတော်တွင် MEC ( Myanmar Economic Corporation ) ဥက္ကဋ္ဌသည် စီးပွားရေးလုပ်ပိုင်ခွင့်များစွာရှိသော နေရာလည်းဖြစ်ပါတယ်။ အလားတူ စစ်ရေးချုပ်ဗိုလ်ချုပ်ဆန်းဦးဟာ အသက် ၆၀ ပြည့်လို့စစ်ရေးချုပ်က အနားယူရပေမဲ့ ဦးပိုင် ( UMEHL ) ဥက္ကဋ္ဌတာဝန်ဆက်ပေးထားပါတယ်။
အရင်က စစ်ဖက်ကနေ အရပ်ဖက်ကို ပြောင်းလဲတာဝန်ပေးခဲ့သူတစ်ဦးကို တပ်မတော်မှာ ရာထူးတိုးပြီးတာဝန်တခုပြန်ပေးလေ့မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း ဗိုလ်ချုပ်အောင်စိုးအားအရပ်ဖက်ကိုပြောင်းလဲတာဝန်ပေးပြီးမှ တပ်ဖက်ကိုရာထူးတိုးပြီး ဒုတိယဗိုလ်ချုပ်ကြီးတာဝန်ပေးခဲ့ပါတယ်။
ဒါ့အပြင်ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့သားသမီးတွေဟာ တပ်နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းမျိုးစုံကိုလုပ်ကိုင်လာကြပါတယ်။ စစ်သားတိုင်းအသက်အာမခံပေးသွင်းရတဲ့ အောင်မြင့်မိုရ်မင်း အသက်အာမခံလုပ်ငန်းဟာ ဗိုလ်ချုပ်မင်းအောင်လှိုင်သားပိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။
ဗိုလ်ချုပ်မင်းအောင်လှိုင်သားသမီးတွေပိုင်တဲ့ ဆေးရုံတွေကဝန်ထမ်းအများစုဟာဆိုရင် စစ်တပ်ကလစာပေးထားရသူတွေပါ။ အဲဒီလိုအခြေအနေကြောင့် အာဏာမသိမ်းခင်တကည်းက တပ်ထဲမှာသူ့ကိုမကြိုက်သူတွေများနေတာပါ။ ထွက်ခွင့်မရလို့သာ ဆက်နေရတဲ့သူများစွာရှိနေခဲ့တာပါ။ ဒါပေမဲ့လည်းရာထူးနဲ့လုပ်ပိုင်ခွင့်ရနေတဲ့စစ်သားတွေကတော့ သူ့ကိုကြိုက်ကြပါတယ်။
အဲဒီလိုအခြေအနေတွေရှိနေတဲ့အခြေအနေမှာ စစ်တပ်ကအာဏာသိမ်းလိုက်သည့်အတွက် တပ်မတော်ကိုပြည်သူလူထုက မုန်းတီးသွားခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းတပ်မတော်က ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်တာတွေလုပ်လာတဲ့အတွက် တပ်မတော်ကိုပြည်သူလူထုက ခါးခါးသီးသီးမုန်းတီးသွားခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် တပ်မတော်သားတချို့ဟာ ပြည်သူ့ဖက်ကိုကူးပြောင်းလာခဲ့ပြီး CDM ပြုလုပ်လာကြပါတယ်။
တပ်သားအဆင့်ကနေ ဗိုလ်မှူးအဆင့်ထိ ပြည်သူ့ဖက်ရပ်တည်လာခဲ့ပါတယ်။ သမိုင်းတလျောက်စစ်တပ်ကနေပြည်သူ့ဖက်ရပ်တည်လာတဲ့စစ်သားတွေဟာ အခုချိန်ဟာအများဆုံးဖြစ်လာနေပါပြီ။ သက်ဆိုင်ရာအဖွဲ့အစည်းတချို့ကပြုစုထားတဲ့စာရင်းအရ ပြည်သူ့ဖက်ရပ်တည်လာတဲ့စစ်သား ၃၅၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ စာရင်းအကုန်ရမယ်ဆိုရင်ဒီထက်များနိုင်ပါတယ်။ CDM မလုပ်သည့်တိုင်ပြည်သူ့ဖက်ရပ်တည်နေတဲ့ စစ်တပ်အတွင်းသတင်းပေး ဖရဲသီးတွေလည်းများစွာရှိနေပါတယ်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင် အချိန်ရရင်ရသလို့တပ်ရင်းဌာနချုပ်တွေဆီသွားကာ အာဏာသိမ်းတာမဟုတ်ပဲ အာဏာထိန်းတာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲပေးမယ်ဖြစ်ကြောင်းပြောဆိုစည်းရုံးနေရပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေဆီသွားပြီးအရင်က တခါမှမထောက်ပံ့ဖူးတဲ့ ရိက္ခာတချို့ကို လက်ဆောင်အဖြစ်ပေးလာတာတွေလုပ်လာရပါတယ်။
ထို့အပြင်မကြာသေးခင်ရက်ပိုင်းကပဲ ဗိုလ်သင်တန်းကျောင်းဆင်း ( OTS ) တွေထဲက ဗိုလ်ကြီးရာထူးနဲ့ရာထူးမတိုးတဲ့သူများကိုလည်း ရာထူးတိုးပေးခဲ့ပါတယ်။ ရာထူးတိုးမရရှိတဲ့ဗိုလ်ကြီးတွေကိုလည်း လစာတိုးပေးတာလုပ်ဆောင်လာပါတယ်။
သူရဲ့မြဝတီမီဒီယာကနေ နေ့တိုင်းဝါဒဖြန့်လုပ်ဆောင်လာသလို လူမှုကွန်ရက်တွေကနေလည်း ဝါဒဖြန့်တာတွေလုပ်ဆောင်နေရပါတယ်။ ထို့အပြင် စစ်သည်များ ပြည်သူ့ဖက်ရပ်တည်သွားလို့မရအောင် မိသားစုဝင်များ အားပုံစံတစ်မျိုးဖြင့် ထိန်းချုပ်တာတွေလုပ်ဆောင်ထားပါတယ်။ အဲဒီလိုတင်းကျပ်ထားတဲ့ကြားက CDM မလုပ်သေးသည့်တိုင် ပြည်သူ့ဖက်ကရပ်တည်ကာ တပ်တွင်းသတင်းများပေးနေသည့် ဖရဲသီးများစွာ ပေါ်ထွက်လာခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို မျက်ဝါးထင်ထင်မြင်ရတဲ့စစ်သည်တွေဟာလည်း အန္တရာယ်များစွာရှိတဲ့ကြားကနေ ပြည်သူ့ဖက်ဆက်လက်ရပ်တည်လာနေကြပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ CDM လုပ်တဲ့စစ်သားတွေရှိနေဆဲဖြစ်ပါတယ်။ CDM နှင့်ကျဆုံး သူများကြောင့် စစ်တပ်မှာ စစ်သည်အင်အားလျော့ကျလာပြီဖြစ်ပါတယ်။ စစ်ထဲဝင်မယ့်သူကတော့ တဖြည်းဖြည်းမရှိသလောက်ဖြစ်လာနေပါတယ်။ အဲဒီအတွက် စစ်မှုထမ်းဟောင်းများနဲ့ရဲတပ်ဖွဲ့ဝင်ဟောင်းတွေကိုပြန်လည်စည်းရုံး ပိုက်ဆံပေးပြီး ပျူစောထီးနာမည်နဲ့လက်နက်တပ်ဆင်ပေးတာတွေလုပ်လာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဖက်မှာဆိုရင် စစ်ထဲမဝင်ချင်တဲ့ဒေသခံတချို့ကို ပြည်သူ့စစ်ဆိုတဲ့ခေါင်းစဉ်အောက်ကလက်နက်တပ်ဆင်ပေးတာတွေလုပ်လာနေရပါတယ်။
ဗိုလ်ချုပ်မင်းအောင်လှိုင်အကြောက်ဆုံးမှာ သူ့အင်အားချိနဲ့သွားမှာကိုပဲဖြစ်ပါတယ်။ သူ့အတွက်အသေခံတိုက်ပေးတဲ့ စစ်သားတွေ ပြည်သူ့ဖက်ရပ်တည်သွားမှာကိုအကြောက်ဆုံးပါ။ စစ်သားတွေပြည်သူ့ဖက်ရပ်တည်တာများလာလေ နွေဦးတော်လှန်ရေးဟာလည်းး အထိအခိုက်အနည်းဆုံးနဲ့အောင်မြင်လာမှာဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေပြည်သူ့ဖက်ရပ်တည်သွားရင် နောက်ထပ်စစ်ထဲဝင်မဲ့သူဟာမရှိသလောက်ဖြစ်နေတာပါ။
ထို့ကြောင့်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင် အကြောက်ဆုံးမှာ လက်ရှိစစ်သားတွေပြည်သူ့ဖက်ရပ်တည်သွားမှာကိုပါ။ စစ်သည်များစွာ ပြည်သူ့ဖက်ရပ်တည်မှသာ တပ်မတော်ရဲ့အနာဂတ်ကောင်းမှာဖြစ်သလို လက်ရှိဖြစ်ပျက်နေတဲ့သွေးထွက်သံယိုတွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ပြည်သူတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြည်သူ့ဖက်ရပ်တည်လာတဲ့စစ်သည်တွေကိုတန်းတူရည်တူဆက်ဆံကာ လုံခြုံအောင်ကာကွယ်ပေးထားတာလည်း ဖြစ်ပါတယ်။
လက်ရှိစစ်တပ်ထဲမှာရှိနေတဲ့စစ်သားတွေကသာ ဗိုလ်ချုပ်မင်းအောင်လှိုင်အတွက် အသက်အသေခံတိုက်ပေးမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ပြင်းပြင်းထန်ထန်တိုက်ရမှာပါ။ အခုထက်ပိုပြီးနှစ်ဖက်သေကျေပျက်ဆီးမှုတွေ၊ သွေးထွက်သံယိုမှုတွေ များလာရဦးမှာပါ။
ဗိုလ်ချုပ်မင်းအောင်လှိုင်မှာ လက်နက်နဲ့ငွေရှိပါတယ်။ သူ့မှာအားနည်းနေတာဆိုလို့လူအင်အားပါ။ သူ့မှာမရှိတာဆိုလို့လူထုနဲ့နိုင်ငံတကာထောက်ခံမှုပါ။ လက်ရှိစစ်သည်အင်အားထဲက ၁၀ ရာခိုင်နှုန်းလောက်သာ ပြည်သူ့ဖက်ရပ်တည်သွားပါက သူ့အတွက်အင်အား အတော်နည်းသွားမှာဖြစ်ပါတယ်။ အဲ့ဒါဟာ ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင် အစိုးရိမ်ဆုံး၊ အကြောက်ဆုံးသောအရာဖြစ်ပါတယ်။
စောနေတိုး၊ Salween Press
No comments:
Post a Comment