“နောက်ဖြစ်လေရာဘဝတိုင်း ဒါမျိုးနဲ့ မကြုံပါစေနဲ့ဗျာ”


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာကို ဇန်နဝါရီ(၃၁)ရက်မှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းပြီး ဒေသခံ (၄၀၀)လောက်ကို ဖမ်းဆီး နှိပ်စက်ပြီး (၁၁)ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ပဒတ္ထိုင်းရွာက အသက်(၆၀)ဝန်းကျင် သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ(၁၁)ဦးကို သတ်ဖြတ်ခဲ့ပြီး တချို့ကို မီးရှို့သတ်ဖြတ်တာပါ။ ရွာသားတစ်ဦးဆိုရင် မေ့စေ့အပါအဝင် ခန္ဓာကိုယ်အနှံ့ သေနတ်နဲ့ ခြောက်ချက်အထိ ပစ်သတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ရွာသူရွာသား (၄၀၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး ရဟန်းသံဃာနဲ့ ကိုရင်ငယ်တွေ အပါအဝင် လူ(၆၀)လောက်ကို ထင်တိုင်းကျဲ ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် နှိပ်စက်ခံရသူတချို့ဟာ အခုချိန်ထိ ဆေးကုသနေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။ 

ဇန်နဝါရီ(၃၁)ရက် မနက်ပိုင်းက ပဒတ္ထိုင်းရွာ အနီးမှာ PDF သင်တန်းဆင်းပွဲ ရှိတယ်လို့ ယူဆပြီး စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းတာလို့ နီးစပ်သူတွေ ဆိုပါတယ်။ 

အိမ်ခြေ (၇၀၀)ကျော်ရှိတဲ့ ပဒတ္ထိုင်းရွာထဲ စစ်ကောင်စီက သုံးရက်ကြာ တပ်စွဲပြီး ဒေသခံတွေကို ထင်တိုင်းကျဲ အနိုင့်ကျင့်နှိပ်စက် သတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ပစ်ခတ်ခံရမှုကြောင့် လက်ရှိအချိန်ထိ အသက်မသေဘဲ သေနတ်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေရတဲ့ ငါးဦး ရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ကိုရင် (၁၁)ပါးကို အတင်းအကြပ် လူဝတ်လဲ ခဲ့သလို ရဟန်းတစ်ပါးဆိုရင်လည်း စစ်ကောင်စီရဲ့ နှိပ်စက်မှုကြောင့် မျက်လုံးဖွင့်မရအောင် နှိပ်စက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီဟာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ် တာတွေအပြင် ရွှေငွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ခိုးယူ သယ်ဆောင်သွားပြီး ခန့်မှန်းတန်ဖိုး သိန်း (၃၀၀၀)လောက်ရှိတယ်လို့ ဆိုပါတယ်။

ပဒတ္ထိုင်းရွာဟာ လျှော်ဖြူအဓိကစိုက်ပျိုးလုပ်ကိုင်းပြီး အသက်မွေးဝမ်းကြောင်းပြုကြတာပါ။ စစ်အုပ်စု ဝင်မွှေခံရပြီးနောက် ဒေသခံတွေဟာ အခုအချိန်ထိ ကြောက်လန့်နေကြဆဲပါ။

စစ်ကောင်စီဟာ ရွာထဲကနေ ထွက်သွားတော့လည်း ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သူတို့လိုချင်တဲ့နေရာ အရောက်မှာ ပြန်လွတ်ပေးလိုက်တာပါ။

စစ်ကောင်စီကတော့ ပဒတ္ထိုင်းရွာအပြင် အခြားသော ရွာတွေကိုလည်း ရွာစဉ်ပတ်မွှေ သောင်းကျန်းပြီး လူသတ်၊ လုယက်၊ နေအိမ်မီးရှို့ တာတွေ ဆက်လုပ်နေဆဲပါ။


Mandalay Free Press - MFP

“နောက်ဖြစ်လေရာဘဝတိုင်း ဒါမျိုးနဲ့ မကြုံပါစေနဲ့ဗျာ” “နောက်ဖြစ်လေရာဘဝတိုင်း ဒါမျိုးနဲ့ မကြုံပါစေနဲ့ဗျာ” Reviewed by THITHTOOLWIN on 02:17 Rating: 5

No comments:

Powered by Blogger.