တန့်ဆည်တွင် အသက်(၂၀)အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို စကစ သုံးဦးက အဓမ္မပြုကျင့်၊

မုံရွာ နမခ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့/Photo - သလ္လာရွှေမြေ

ဖေဖေါ်ဝါရီ - ၂၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကန်ကလေးကုန်းကျေးရွာမှ အသက်(၂၀)ဝန်းကျင်အရွယ် အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို ယမန်နေ့ ညပိုင်းတွင် စစ်ကောင်စီ သုံးဦးက နေအိမ်အတွင်း ဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဖေဖေါ်ဝါရီ(၂၀)ရက် ညပိုင်းက တန့်ဆည်မြို့နယ် ကန်ကလေးကုန်း ကျေးရွာအတွင်း စခန်းချနေသော စစ်ကောင်စီ တပ်သားများထဲမှ သုံးဦးသည် ကျေးရွာအတွင်းရှိ အသက်(၂၀)ခန့်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည့် နေ့စဉ်စစ်ရေးသတင်း အကျဉ်းချုပ်တွင် ဖော်ပြသည်။

တန့်ဆည်မြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဒေသခံ ပြည်သူများအပေါ် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်နေသော စကစများ ယမန်နေ့ညက ကန်ကလေးကုန်းရွာအတွင်း စခန်းချတပ်စွဲသည်မှာ ဟုတ်မှန်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

“ခွေးတွေ ယုတ်မာသွားတယ်လို့ ကြားတော့ကြားမိတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

စစ်ကောင်စီ သစ္စာခံ စစ်သားများက စစ်ကိုင်းတိုင်းအတွင်း ဒေသခံ အမျိုးသမီးများအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း၊ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းများ ကျူးလွန်သည်ဆိုသော သတင်းများ မကြာခဏ ကြားရသော်လည်း သတင်းပြန့်သွားပါက ကာယကံရှင် အမျိုးသမီးအတွက် ပိုမိုအရှက်ရစေနိုင်သလို စစ်အုပ်စုက အချိန်မရွေး ရန်ပြုနိုင်သည့် အခြေအနေကြောင့် တိကျခိုင်မာသော သတင်းအချက်အလက်များ ထွက်ပေါ်လာခြင်း မရှိဟု တန့်ဆည်ဒေသခံများ ပြောသည်။

ယမန်နေ့ညက ကန်ကလေးကုန်းရွာအတွင်း ညအိပ်သော စခများ ယနေ့ မနက်ပိုင်းတွင် သပြေရင်းရွာဘက်သို့ ထွက်ခွာသွားပြီးနောက် နေ့လယ်ပိုင်းတွင် အကောင် (၄၀)ကျော် ကန်ကလေးကုန်းရွာသို့ ပြန်ရောက်လာကာ လက်ရှိတွင် ဒေသခံ ရွာသား နှစ်ဦးကို ဖမ်းဆီးနှိပ်စက်နေသည်ဟု သတင်းကြားကြောင်းလည်း ဒေသခံများက ဆိုသည်။

“ရွာတွေလှည့်ပြီး ခိုးဆိုးနေတာ ခွေးအကောင် (၁၀၀)လောက်ရှိမယ်။ အဲ့ဒီခွေးတွေ မနေ့ညက ကန်ကလေးကုန်းရွာမှာ ညအိပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသို့ စီးနင်းဝင်ရောက်ချိန် ထွက်မပြေးနိုင်သော အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများ ကျူးလွန်နေကြောင်း ဒေသခံများကြား ပြောဆိုမှုများ ရှိသော်လည်း ကာယကံရှင် အမျိုးသမီးများ၏ ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်ခြင်း မရှိပေ။

စစ်ကိုင်းတိုင်းအတွင်းရှိ စကစ သစ္စာခံ စစ်သားများကို နမခတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်က စီမံကွပ်ကဲလျှက် ရှိသည်။


Mandalay Free Press - MFP

တန့်ဆည်တွင် အသက်(၂၀)အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို စကစ သုံးဦးက အဓမ္မပြုကျင့်၊ တန့်ဆည်တွင် အသက်(၂၀)အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို စကစ သုံးဦးက အဓမ္မပြုကျင့်၊ Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.