မိုးမိတ်မြို့မှာ လူငယ် ၂ ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ၊ သတင်းဖုံးကွယ်ဖို့ ကြိုးစားနေ
ဖေဖော်ဝါရီ ၇ ရက်၊ မိုးမိတ်
ရှမ်းမြောက် မိုးမိတ်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီးတော့ တစ်ဦးကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် ည ၉ နာရီခွဲကျော်မှာ စစ်တပ်ရဲ့ဂိတ်ကို ၎င်းလူငယ် ၂ ဦးက ဖြတ်လာပြီး ရပ်ခိုင်းပေမယ့် မရပ်ပေးတာကြောင့် သေနတ်နဲ့ လှမ်းပစ်လိုက်တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုသူ မိုးမိတ်မြို့ခံတစ်ဦးက “စစ်တပ် စောင့်တဲ့ဂိတ်က တရားရုံးရှေ့ကပါ။ စစ်တပ်က သူတို့နှစ်ဦးကို ရပ်ခိုင်းတာ မရပ်ပေးလို့ သေနတ် သုံးချက် ပစ်လိုက်တယ်။ နောက်ထပ် ဆိုင်ကယ်ပြန်မောင်းသွားတော့ သူတို့ နှစ်ဦးကို ထပ်ပြီး လှမ်းပစ်လိုက်တာ” လို့ ပြောပါတယ်။
ဒဏ်ရာရရှိထားတဲ့ တစ်ဦးကတော့ မိုးမိတ်ဆေးရုံမှာ ဆေးကုသနေပြီး ဒဏ်ရာအခြေအနေကိုလည်း မသိရှိရသေးဘူးလို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိသတင်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက လူမှုကွန်ရက် (Online)ပေါ် မတင်ရဲကြသလို စစ်ကောင်စီဘက်ကလည်း သတင်းဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ပြောချင်တာက ကိုယ့်မြို့မှာ ဖြစ်ပျက်သမျှ အနိုင်ကျင့်ခံရသမျှ လူ့အခွင့်အရေး ချိုးဖောက်ခံရသမျှကို ဒီအတိုင်း ခေါင်းငုံ့ခံနေကြတော့မှာလား။ အဲလိုပြောလို့ ဓားနဲ့ သွားခုတ်ရမယ်ပြောတာ မဟုတ်ဘူး။ သူသေကိုယ်သေ လုပ်ရမယ်လို့ တိုက်တွန်းတာမဟုတ်ဘူး။ သတင်းရေးတင်စေချင်တယ်။ အခု အသတ်ခံရတာကို ဘယ်သတင်းဌာနမှ ဖော်ပြတာ မတွေ့ရဘူး။ သတင်းဌာနတွေလည်း မသိကြဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်မှာလည်း မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက် KBZ ဘဏ်ရှေ့မှာ စစ်ကောင်စီတွေက အရပ်၀တ်နဲ့ စစ်ဆေးနေတာတွေ ပြုလုပ်ပြီး ဆိုင်ကယ် စီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးကို ဆိုင်ကယ် မရပ်ပေးတာကြောင့် သေနတ်နဲ့ လှမ်းပစ်လိုက်ရာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment