ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၂ခုနစ် ။
ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ကို စစ်ကောင်စီတပ်က ညအချိန်မတော် လေယာဥ်ဖြင့် လာရောက် ဗုံးကြဲခဲ့သောကြောင့် တဒွံခို့ကျေးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း (ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက်အစောပိုင်း ၁နာရီခန့်) တွင် တဒွံခို့ကျေးရွာကို လေယာဥ်ဖြင့် ဗုံး ၂ လုံးကြဲချခဲ့သောကြောင့် အပြစ်မဲ့အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
"သေဆုံးသွားတဲ့ နှစ်ယောက်က လင်မယားတွေ၊ အိပ်ယာပေါ်မှာပဲ ဗုံးထိမှန်ပြီး ဆုံးသွားရတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးထိမှန်သေဆုံးခဲ့သူများမှာ အသက် ၅၀ ကျော်အရွယ် ဦးစိုးနိုင်နှင့် ဒေါ်နော်သူခို့တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများထဲတွင် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး ၊ ၁၆ နှစ်အရွယ် လူငယ် ၁ဦး တို့အပါအဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးပါဝင်သည်။
"စကစတွေက လေယာဥ်နဲ့ မကြာခဏ လာပစ်တယ်။ ပြီးခဲ့တဲ့လ ဇန်နဝါရီ ၃၁ ရက်နေ့မှာလည်း ညသန်းခေါင်ယံမှာ လာပစ်တာ။ အဆောက်အဦးဟောင်း ၂ လုံးထိတယ်။ ပြီးရင် စာကြည့်တိုက်အဟောင်းတစ်လုံးကိုလည်း ထိမှန်ပြီး ပျက်စီးသွားတယ်'' ဟု ဒေသခံတစ်ဦးကပြောသည်။
ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေယာဥ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည့်အပြင် နေအိမ် တစ်လုံး မီးလောင်ပြာကျခဲ့ပြီး နေအိမ် သုံးလုံး ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။
"အခု ရွာသားတစ်ချို့က ကြောက်လို့ ထွက်ပြေးတာတွေ ရှိတယ်။ ညတိုင်းလိုလို သတိနဲ့ အိပ်နေရတယ်။ ဘယ်အချိန် ကိုယ့်အပေါ် လက်နက်ကြီးတွေ လာကျမယ်မှန်း မသိဘူးလေ'' ဟု ဒေသခံတစ်ဦးက လုံခြုံရေးစိုးရိမ်နေရသည့်အခြေအနေကို ပြောသည်။
ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းကို ယမန်နေ့ညက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ယနေ့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များကဖာပွန်၊ မထော၊ တောင်သုံးလုံး ၊ ဆင်စွယ်၊ ကတိုင်ထိ၊ ကမမောင်း ကားလမ်းတစ်လျှောက်တွင် စစ်ကြောင်းထိုးတက်လာနေသည်ဟု ဒေသခံများထံမှ သိရသည်။
ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအား တိုက်ခိုက်တော့မည်ဟု စစ်ကောင်စီတပ်က ကြေညာထားသည့်အပြင် ယခုရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် စစ်ကြောင်းများ ထိုးလာသည့် အခြေအနေများကြောင့် ဒေသခံပြည်သူများသည် ယွန်စလင်းချောင်းကြီး တစ်ဖက်ကမ်းသို့ရှောင်တိမ်းနေကြပြီဟု သိရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment