စစ်ပွဲကာလ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အကြံပြုချက် (၁၀)ချက်


ဖေဖေါ်ဝါရီ - ၇

စစ်ဖြစ်ချိန်အတွင်း ကလေးသူငယ်တွေကို စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ဖို့ အမေရိကန်နိုင်ငံ စိတ်ပညာရှင်များ အဖွဲ့အစည်း (American Psychological Association)က မိဘနှင့် ဆရာတွေအတွက် ထုတ်ပြန်ထားတဲ့ အကြံပြုချက် (၁၀)ချက်ကို MFP ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။

(၁) ကလေးနှင့် စကားပြောပါ။ 

ကလေးတွေမေးတဲ့ မေးခွန်းတွေကို သူတို့ တကယ်လက်ခံနိုင်လာအောင် အမှန်အတိုင်း ရိုးရှင်းစွာဖြေပါ။ သူတို့ရဲ့ အမြင်တွေကိုလည်း ပြန်မေးပြီး သူတို့ရဲ့ အဖြေတွေကို သေချာလေး နားထောင်ပေးပါ။ သူတို့ရဲ့ ခံစားချက်တွေကို ဖော့မပစ်လိုက်မိပါစေနဲ့။ သူတို့က ကြောက်တယ်လို့ ပြောကောင်းပြောလာနိုင်ပါတယ်။ အကြောက်တရားဆိုတာ လူတိုင်းမှာ ရှိတဲ့ အကြောင်းနဲ့ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ဘဝကို ရှေ့ဆက်သွားရမယ့် အကြောင်း  သူတို့နားလည်အောင် သေချာပြောပြပါ။ ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံကြုံ သူတို့ကို အမြဲ ဂရုစိုက်နေမယ့်အကြောင်း သူတို့ စိတ်ထဲမှာ သံသယကင်းကင်းနဲ့ အမြဲယုံကြည်နေပါစေ။ 

(၂) ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံရတဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးပါ။

အထူးသဖြင့် စစ်ဖြစ်နေတဲ့ ကာလမှာ ကလေးနဲ့မိသားစုကို အချိန်များများပေးပါ။ ကလေးနဲ့အတူတူ ဂိမ်းကစားတာ၊ စာဖတ်တာ စတဲ့ အနီးကပ်နေပြီး အချိန်ပိုပေးပါ။

(၃) စစ်ပွဲကာလအတွင်းမှာ သင့်ကလေးကြည့်ရှုနေတဲ့ သတင်းတွေကို ကန့်သတ်ပါ။ 

စစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ တီဗီ ဒါမှမဟုတ် ရေဒီယိုကို ပိတ်ထားပါ။ လတ်တလော ဖြစ်ပျက်နေတဲ့ အရာအားလုံးကို ကလေးတွေကို အသိမပေးဘဲ ဖုံးကွယ်ထားဖို့ မလိုပေမယ့် စစ်နှင့်ပတ်သက်တဲ့ သတင်းတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုကလစ်တွေကို စဉ်ဆက်မပြတ် ပြပေးနေဖို့လည်း မလိုအပ်ပါဘူး။ စစ်ပွဲ ဓာတ်ပုံတွေ၊ ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးတွေပါတဲ့ မဂ္ဂဇင်းတွေနှင့် သတင်းစာတွေကို ဖယ်ထားပါ။ ကလေးကို အင်တာနက် အသုံးပြုခွင့်ပေးရာမှာလည်း စစ်ပွဲ အနိဌာရုံတွေနှင့် ဆက်စပ်တဲ့ အရာတွေ မကြည့်မိစေဖို့ ဂရုတစိုက် စောင့်ကြည့်ပါ။

(၄) စစ်ပွဲတွေနှင့် ပတ်သက်ပြီး နေ့စဉ်စိတ်ဖိစီးမှုတွေ တိုးလာနိုင်တာကြောင့် သတိပြုပါ။ 

စစ်ပွဲ အနိဌာရုံတွေကြောင့် ကလေးတွေရဲ့ မသိစိတ်မှာ သူတို့မသိဘဲ ရောက်နေတဲ့ ဒေါသ ဒါမှမဟုတ် အကြောက်တရားတွေကို ဆိုးရွားတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်လာနိုင်တယ် ဆိုတာကို လူကြီး၊မိဘတွေက ကြိုတင်နားလည်ထားဖို့ လိုပါတယ်။ သူ့တို့ အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်၊ အကောင်းဆုံး လုပ်နိုင်မယ်လို့ အမြဲ မျှော်လင့်ထားတယ်ဆိုတာကို ကလေးတွေကို မကြာခဏ ပြောပေးပါ။

(၅) စစ်ဖြစ်နေချိန်မှာ ကလေးတွေအတွက် အလုပ်တစ်ခုကို စနစ်တကျ ပုံသေထားပြီး လုပ်နိုင်ဖို့ စည်းကမ်း သတ်မှတ်ပေးပါ။

ပုံမှန် အချိန်ဇယားနဲ့ အလုပ်လုပ်စေတာက ကလေးတွေအတွက် အဆင်ပြေစေပါတယ်။ အိမ်စာတစ်ခုချင်းစီ၊ အလုပ်တစ်ခုချင်းစီအတွက် စနစ်တကျ အချိန်သတ်မှတ်ပြီး လုပ်ခိုင်းပါ။ 

(၆) ကိုယ့်ကိုယ်ကိုယ်လည်း သေချာဂရုစိုက်ပါ။ 

ကိုယ့်ကိုကိုယ် ဂရုမစိုက်ရင် ကလေးအတွက် တကယ်လိုအပ်နေတဲ့အချိန်မှာ ဂရုစိုက်နိုင်တာ နည်းသွားပါလိမ့်မယ်။  ဒါကြောင့် ကလေးကို ပြုစုစောင့်ရှောက်နိုင်ဖို့ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဘာသာရေး လုပ်တာ၊ တခြားကိုယ်ယုံကြည်ရာ တစ်ခုခုကို အာရုံစိုက်တာမျိုး ဖြစ်စေ မိမိကိုယ်ကို ဂရုစိုက်ပါ။

(၇) ကိုယ်က အားလုံး အဆင်ပြေနေတယ် ဆိုတာကို ကလေးတွေကို ပြောပြပါ။

ကိုယ်ကိုယ်တိုင်က ကလေးတွေကို အမှန်တကယ် အကာအကွယ်ပေးနိူင်တယ်ဆိုတာကို ကလေးတွေ လက်ခံလာအောင် အာမခံစကား ပြောပေးပါ။ မိသားစုအတွက် အပြောင်းအလဲ အစီအစဉ် တစ်ခုခု ရှိလာတယ်ဆိုရင်လည်း အဲ့ဒီအစီအစဉ်ကို ကလေးနားလည်နိုင်လောက်တယ်ဆိုရင် ကလေးကိုလည်း ပြောပြပါ။ မျှဝေပါ။ 

(၈) ကလေးက ဖော်ပြလာတဲ့ ကြောက်ရွံ့မှုနှင့် စိုးရိမ်သောက လက္ခဏာတွေကို သတိပြုပါ။ 

သင့်ကလေးဟာ သင့်ကို ပုံမှန်ထက်ပိုပြီး မျက်စိအောက်က အပျောက်မခံ ဖြစ်လာသလား၊ ပိုပြီး တွယ်ကပ်လာသလား၊ သင့်ကလေးရဲ့ အဆင့်သတ်မှတ်ချက်တွေ ရုတ်တရက် ကျဆင်းသွားသလား ဆိုတာကို အမြဲသိရှိနေပါစေ။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ဖိအားတွေက ကလေးတွေအပေါ်လည်း သက်ရောက်ပါတယ်။ ကလေးတွေလည်း အဲ့ဒီဖိအားတွေ လက်ခံရရှိ ခံစားရနိုင်ပါတယ်။ သူတို့ ခံစားချက်တွေကို သူတို့ မဖော်ပြနိုင်ရင် ပုံပြင်တွေရေးဖို့ ဒါမှမဟုတ် ပုံတွေဆွဲဖို့ တိုက်တွန်းပေးပါ။ ပံ့ပိုးပေးပါ။

(၉) ကလေးအတွက် အကျိုးရှိစေမယ့် အရာတွေကို စနစ်တကျ စာရင်းပြုစုထားပေးပါ။ 

သင့်ကလေးက ငယ်သေးလို့ စာရေးစားပွဲနှင့် အခန်းသန့်ရှင်းရေး လုပ်တာမျိုး အိမ်မှုကိစ္စတွေ မလုပ်နိုင်လောက်ဘူးလို့ မသတ်မှတ်သင့်ပါဘူး။ သူတို့ကိုလည်း လုပ်နိုင်မယ့်စာ တစ်ခုခု သတ်မှတ်ပြီး လုပ်ခိုင်းသင့်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက မိသားစုကို ဘယ်လို အထောက်အကူ ပြုတယ်ဆိုတာ ကလေးကိုယ်တိုင် သေချာ သိရှိပါစေ။ သူ့တို့မှာလည်း သူတို့ လုပ်ရမယ့် အခန်းကဏ္ဍနှင့် တာဝန်ရှိနေတယ်၊ သူတို့ကလည်း မိသားစုကို ကူညီနေနိုင်တယ်ဆိုတာကို ကလေးကိုယ်တိုင် သိလာပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိလာနိုင်ပါတယ်။

(၁၀) ကလေးအတွက် အပြုသဘောဆောင်တဲ့ အမြင်တွေ ပြောပြပါ။

လူကြီးရော၊ ကလေးတွေပါ စစ်ပွဲကာလ အတွေ့အကြုံတွေ မရှိကြပေမယ့် စစ်ပွဲတွေ ပြီးဆုံးသွားပြီး အေးချမ်းတဲ့ အချိန်တွေ ရှိတဲ့အကြောင်း ကလေးကို ပြောပြပါ။ စာသင်ခန်းအသစ်ထဲကို စတင်ဝင်ရောက်ခဲ့ချိန်မှာ ကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့ အခြေအနေတွေ၊ သူတို့ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်တဲ့ အကြောင်းအရာတွေကို ပြန်လည်သတိရစေဖို့ ပြောပြပေးပါ။ အနာဂတ်မှာလည်း ကောင်းတဲ့အချိန်တွေ လာနိုင်မယ့်အကြောင်း သေချာလေး ပြောပြပါ။


Mandalay Free Press - MFP

စစ်ပွဲကာလ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အကြံပြုချက် (၁၀)ချက် စစ်ပွဲကာလ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အကြံပြုချက် (၁၀)ချက် Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.