"ပြန်လည်စုရုံး နှစ်ခြောက်လုံး"
"ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"
ရဲဘော်ပြည်သူတို့ရေ
၂၀၂၂ခုနှစ်ထဲမှာ တော်လှန်ရေးကို ဘက်ပေါင်းစုံက အရှိန်မြှင့်ကြဖို့လိုတာ အားလုံးအသိဖြစ်မှာပါ။ လက်နက်ကိုင် တော်လှန်ရေးသမားတွေက လွတ်မြောက်နယ်မြေတွေရအောင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသလို လက်နက်မကိုင်ထားတဲ့ ပြည်သူလူထုကြီးကလည်း ရရာနည်းလမ်းတွေနဲ့ တစုတစည်းတည်း လူထုတိုက်ပွဲတွေ ဆင်နွှဲနေရမှာပါ။
လက်နက်မဲ့သပိတ် လူထုလှုပ်ရှားမှုတွေက ဘာတွေ ရနိုင်သလဲဆိုရင်
၁။ ပြည်သူလူထုရဲ့ စစ်ကောင်စီအပေါ် သွေးမအေးဘဲ ဆန့်ကျင်နေမှုကို အမြဲမပြတ်ပြနိုင်ပြီး၊ လူထုအကြား ညီညွတ်မှုနဲ့ ယုံကြည်မှု တိုးပွားစေတယ်။
၂။ လူထုလှုပ်ရှားမှုတွေကို တားဆီးဖြိုခွဲဖို့ ကြိုးစားနေရလို့ စစ်ကောင်စီရဲ့ လူသူအင်အား ယန္တရားတွေကို အလုပ်များ ပင်ပန်းစေနိုင်တယ်။
၃။ အာဏာပိုင်ပြီကွဆိုပြီး အုပ်ချုပ်ပြချင်နေတဲ့ အာဏာရူး မအလကို ပြည်သူလူထုက လုံးဝအုပ်ချုပ်ခွင့် မပေးဘဲ အုပ်ချုပ်မှု အာဏာအခြေတည်မရ ဖြစ်စေနိုင်ပါတယ်။
ဆိုလိုချင်တာက ဘယ်လောက် အသေးအဖွဲ လှုပ်ရှားမှုလေးဘဲ ဖြစ်ပစေ လူထုတရပ်လုံး တညီတညွတ်တည်း ပါဝင်လှုပ်ရှားကြပြီဆိုရင် အင်အားကြီးမားတဲ့ အရှိန်အဟုန်ကို ရရှိစေပြီး ထိရောက်အကျိုးရှိတဲ့ ရလဒ်တွေကို ရနိုင်တယ်ဆိုတာပါပဲ။ ဒါလေးလုပ်လို့ ထိရောက်ပါ့မလား တွေးမိတဲ့အခါတိုင်း နှမ်းစေ့တွေကို သတိရပါ။ နှမ်းတစေ့နဲ့ ဆီမဖြစ်တာမှန်ပေမယ့် နှမ်းစေ့ သိန်းသန်းချီတဲ့အခါ ဆီတွေအများကြီးရနိုင်တာ နမူနာပါ။ ဒါတွေကြောင့်မို့လို့ လက်နက်မကိုင်တဲ့ ပြည်လုံးကျွတ် လူထုသပိတ်လှုပ်ရှားမှုတွေကို အခါအားလျော်တိုင်း ဆက်လက်ဆင်နွှဲကြဖို့လိုပါတယ်။
လာမယ့် (၂၂.၂.၂၀၂၂)ရက်နေ့ နှစ်ခြောက်လုံး နေ့မှာလည်း လူထုတရပ်လုံးပါဝင်ပြီး လူထုသပိတ်ကြီး ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှု အမျိုးမျိုးရှိနေပေမယ့် ပြည်သူလူထုအနေနဲ့ လူတိုင်းပါဝင်နိုင်စေဖို့ အဆင်ပြေဆုံးနည်းလမ်းတွေကို သပိတ်အဖွဲ့တွေက စနစ်တကျ အချိန်ယူရှာဖွေထားပါတယ်။
၂၂.၂.၂၀၂၂ အတွက် ကြွေးကြော်သံကတော့
"ပြန်လည်စုရုံး နှစ်ခြောက်လုံး" ဆိုတာဖြစ်ပြီး ပြည်သူလူထုတရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ပါတယ်။
နှစ်ခြောက်လုံးနေ့မှာ လုပ်ဆောင်ရမယ့် လှုပ်ရှားမှုတွေကိုတော့ "စည်ကားသပိတ်" လို့ အမည်ပေးထားပြီး နေအိမ်မှာ မနေကြဘဲ မြို့ထဲ/စျေး/လမ်းဆုံ စတဲ့ လူစည်ကားရာနေရာတွေကို အဲဒီနေ့တနေ့လုံး လှည့်ပတ် သွားရောက်ကြပါမယ်။
"စည်ကားသပိတ်" အဖြစ် အပြင်ထွက် လှည့်ပတ် ကြတဲ့အခါမှာ
(၁) ဦးထုပ်/ခမောက် စတာတွေ ဆောင်းပြီး သွားလာကြမယ်။
(၂) မျက်နှာမှာ သနပ်ခါး ပါးကွက်ကြားလေးတွေ လိမ်းထားကြမယ်။
(၃) လက်ထဲမှာ ပန်းစည်း ပန်းပွင့် ပန်းတမျိုးမျိုးကို ကိုင်ထားကြမယ် (ဒါမှမဟုတ် ပန်းပွင့်တွေကို ကြွေးကြော်သံတခုခုရေးထားတဲ့ စာရွက်တွေနဲ့အတူ ကြဲချကြမယ်)။
(၄) ကိုယ်ရောက်တဲ့နေရာရဲ့ လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး လက်၃ချောင်းထောင်တာ ကြွေးကြော်သံ အော်တာတွေလုပ်ကြမယ်။
(၅) ည ၈နာရီမှာ သံပုံးတွေတီးကြမယ်။
ဖော်ပြပါ အချက်တွေကို အားလုံးဖြစ်စေ နှစ်သက်ရာ တနည်းနည်းဖြစ်စေ လှုပ်ရှားဆောင်ရွက်ကြပြီး "ပြန်လည်စုရုန်း နှစ်ခြောက်လုံး" စည်ကားသပိတ်ကြီးကို ပါဝင် ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်ပါရစေ
ပြည်သူလူထုရဲ့ လက်နက်မဲ့ လူထုသပိတ်ကြီးတွေဟာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင် တော်လှန်ရေးရဲဘော်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အားဆေးတွေလည်း ဖြစ်ပြီး လက်နက်ကိုင် လက်နက်မဲ့ နည်းလမ်းပေါင်းစုံနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင်မှ အရေးတော်ပုံအောင်မယ့် နွေဦးတော်လှန်ရေးကြီးအတွက် အသက်တမျှ အရေးကြီး တယ်ဆိုတာ သိနားလည်ကြစေချင်ပါတယ်။
ဒါကြောင့်မို့ ၂၂.၂.၂၀၂၂ နှစ်ခြောက်လုံးနေ့ရောက်ရင် "ပြန်လည်စုရုံး နှစ်ခြောက်လုံး"ဆိုတဲ့ ကြွေးကြော်သံနဲ့ "စည်ကားသပိတ်ကြီးမှာ ပါဝင်ဖြစ်အောင် ပါဝင်ပြီး အရေးတော်ပုံကြီး မြန်မြန်အောင်ဖို့ တာဝန်ခွဲဝေယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
D-Day Channel
No comments:
Post a Comment