တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၉
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ပဝကျေးရွာမှာဒေသခံအမျိုးသားနှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်စောစောက စစ်ကောင်စီတပ်တွေ ပစ်သတ်ခဲ့တာဖြစ်ပြီး ဒေသခံသုံးဦးသေနတ်ထိမှန်ခဲ့တဲ့အနက် နှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။
သေဆုံးသူနှစ်ဦးကတော့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမိုးအောင်နဲ့ ဦးအောင်ဝင်း တို့ဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ဒေသခံရွာသားအားလုံးနီးပါးထွက်ပြေးခဲ့ကြပေမယ့် တချို့ကတော့ ရွာမှာကျန်ခဲ့တယ်လို့ ပဝရွာသားတစ်ဦးကပြောပါတယ်။
ရွာမှာကျန်ခဲ့သူတွေကို စစ်ကောင်စီတပ်ဘက်ကပစ်သတ်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်မနက်ပိုင်းမှ အလောင်းတွေ့ရတယ်လို့ဆိုပါတယ်။
ပဝရွာမှာ ဖေဖော်ဝါရီလ ၁၇ ရက် မနက်ပိုင်းနဲ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့နေ့လယ်ပိုင်းမှာလည်း လယ်သစ်ရွာဘက်မှာသေနတ်သံ ကြားနေရတယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်ညနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။
ဒေသခံရွာသားတစ်ချို့လည်းဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။
The Tanintharyi Times
No comments:
Post a Comment