ကြည့်မြင်တိုင်၌ ကားဖြင့်တိုက်ပြီး အဖမ်းခံခဲ့ရသူတစ်ဦး နှိပ်စက်ခံရသဖြင့် ဦးနှောက်သွေးကြောမျှင်များပြတ်


● အင်းစိန်ထောင်အတွင်း လူအခွင့်အရေးနှင့် ဆေးကုသခွင့်ဆုံးရှုံးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အင်းစိန်အကျဉ်းထောင်အတွင်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေးနှင့် ဆေးကုသခွင့် ဆုံးရှုံးနေကြောင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးပေးပို့သည့် စာအရသိရသည်။ 

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံခဲ့ရသည့်သည့်အတွက် အာရုံကြောထိခိုက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှာ မကြာခဏသတိလစ်နေကြောင်း ယင်းစာအတွင်း ရေးသားထားသည်။ 

"အခုဆို မိနစ် (၃၀) အတွင်း (၂) ခါလောက်သတိလစ်လာတယ်။ သတိလစ်သွားတိုင်း ဆေးရုံကိုပို့လိုက်ပေမဲ့ လိုအပ်တဲ့ဆေးကုသမှုနဲ့ ဆေးဝါးလုံးဝမရှိတဲ့ အနေအထားဖြစ်နေပါသေးတယ်။"ဟု အကျဉ်းသားတစ်ဦးပေးပို့သည့် စာတွင် ရေးသားထားသည်။ 

ထို့ပြင် ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ စစ်ကားဖြင့်တိုက်ပြီး အဖမ်းခံခဲ့ရသည့် အကျဉ်းသားတစ်ဦးကိုလည်း စစ်ကြောရေးတွင် ထပ်မံရိုက်နှက်စစ်ဆေးခဲ့သဖြင့် ဦးခေါင်းတွင်ရရှိခဲ့သည့် ဒဏ်ရာမှာ ပြင်ပဆေးရုံများတွင်စစ်ဆေးကြည့်ရန် လိုအပ်နေသည်ဟုလည်း ထိုစာ၌ ဖော်ပြထားသည်။

"ဦးခေါင်းခွံဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ နံပတ်တုတ်ရာပေါ်နေပြီး တုတ်ရာအောက်မှာရှိနေတဲ့ အာရုံကြောမျှင်တွေ ပြတ်နေတဲ့ဒဏ်ကြောင့် ခေါင်းကိုက်ပြီး နှာခေါင်းသွေးလျှံနေတဲ့အတွက် စစ်ဆေးကြည့်ဖို့လိုအပ်တဲ့အနေအထားပါ။"ဟု ဆိုသည်။

ထို့ပြင် ကိုယ်တစ်ခြမ်းလေဖြန်းဝေဒနာခံစားနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကိုလည်း ပြင်ပဆေးရုံတွင်ဆေးကုသမှုခံယူရန် စာတင်ထားသည့်ကာလအတွင်း လိုအပ်သည့်ဆေးကုသမှုမပေးဘဲ ထောင်ဆေးရုံ၌သာ တင်ထားကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများအပေါ် ဆေးကုသခွင့်မပေးခြင်းမှာ အကျဉ်းထောင်အာဏာပိုင်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်အနေအထားကိုမီးမောင်းထိုးပြနေသည်ဟုလည်း ဆိုသည်။

"ထောင်ထဲမှာက ပါရာစီတမောနဲ့အကိုက်ခဲပျောက်ဆေးပဲရှိတာ။ ဘာဖြစ်ဖြစ်အဲဒီဆေးပဲပေးတာ။ အဲဒီဆေးတွေနဲ့သက်သာရင်တော့ ကောင်းတာပေါ့။ မသက်သာလို့ (၂) ခေါက် (၃) ခေါက် ပြန်ပြရင်သူတို့က မကျေနပ်ချင်တော့ဘူး။ တခြားဆေးတွေလိုအပ်ရင်အပြင်ကပဲ မှာရတာ။ အဲဒါကလဲ (၂) ရက် (၃) ရက်လောက်ကြာတယ်"ဟု အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါဖြစ်ရပ်များကြောင့် နိုင်ငံအနှံ့မတရားဖမ်းဆီးခံထားရသူများအပြင် အကျဉ်းသားအားလုံး လုံလောက်သည့်ဆေးကုသမှုနှင့်ဆေးဝါး ထောက်ပံ့မှုရရှိစေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ သက်ဆိုင်သည့်အဖွဲ့အစည်းများက ကူညီပေးရန်လိုအပ်နေကြောင်းလည်း သိရသည်။


Lu Nge Khit

ကြည့်မြင်တိုင်၌ ကားဖြင့်တိုက်ပြီး အဖမ်းခံခဲ့ရသူတစ်ဦး နှိပ်စက်ခံရသဖြင့် ဦးနှောက်သွေးကြောမျှင်များပြတ် ကြည့်မြင်တိုင်၌ ကားဖြင့်တိုက်ပြီး အဖမ်းခံခဲ့ရသူတစ်ဦး နှိပ်စက်ခံရသဖြင့် ဦးနှောက်သွေးကြောမျှင်များပြတ် Reviewed by THITHTOOLWIN on 04:41 Rating: 5

No comments:

Powered by Blogger.