ကရင်နီပြည်နယ် လွိုင်ကော်မြို့ စံပြသုံးမိုင် ပကြဲကျေးရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အရပ်သားပြည်သူနှစ်ဦး အလောင်းကို ဒီကနေ့ ( ဖေဖော်ဝါရီလ ၁၁ရက်နေ့) မှာ တွေ့ခဲ့တယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
KNDF ပြောရေးဆိုခွင့်ရှိသူက “ ဘယ်ရွာ ဘယ်ကလဲတော့ ကျနော်လည်း မသိဘူး။ ဒါပေမယ့် အမျိုးသား။ အလောင်းနှစ်ခုစလုံးက အမျိုးသား။ နှိပ်စက်ပြီးတော့ မီးရှို့သတ်ထားတဲ့ ပုံစံမျိုး။ မနေ့က တိုက်ပွဲတော်တော်များများဖြစ်တယ်လေ။ အဲ့နေရာလည်း တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်ရင်း အဲ့တာတွေ့တာ။ “ လို့ ပြောပါတယ်။
အလောင်းနှစ်ခုဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်တပ်ဝတ်စုံဝတ်ခိုင်းပြီး မီးရှို့သတ်ဖြတ်ထားတာ ဖြစ်ပါတယ်။
အဆိုပါ စံပြ၃မိုင် ပကြဲကျေးရွာမှာ ယမန်နေ့ ( ဖေဖော်ဝါရီလ ၁၀ရက်နေ့) မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဒီးမောဆိုမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ နှစ်ပတ်အတွင်း စစ်ကောင်စီသတ်ဖြတ်ထားတဲ့ အလောင်း ၁၀လောင်းကို တွေ့ရှိခဲ့ရတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ တစ်ချို့က ဒေသခံတွေဖြစ်တယ်။ တစ်ချို့က ဘယ်ကမှန်း မသိတဲ့လူတွေလည်း ပါတယ်။ တိုက်ပွဲဖြစ်ရင်း တွေ့ပြီး ပစ်သတ်လိုက်တဲ့ ဟာတွေရှိတယ်။ တစ်ချို့လူတွေက ဖမ်းပြီး လူသားဒိုင်းသုံးပြီး ပစ်သတ်လိုက်တဲ့ဟာတွေလည်း ရှိတယ်။ “ လို့ KNDF ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။
ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား သတ်ဖြတ်ခံရမှု ဖေဖော်ဝါရီလ ၂ရက်နေ့အထိ ၂၁၂ဦးအထိရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက်က ထုတ်ပြန်ထားပါတယ်။
Kantarawaddy Times
No comments:
Post a Comment