ရန်ကုန်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ၂၀၂၂
တွံတေးမြို့နယ် မြရိုးကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့နေ့လယ်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သားမက်ဖြစ်သူကို အမည်မသိသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တွံတေးမြို့နယ် မြရိုးကျေးရွာ ငါးမွေးမြူရေးသင်တန်းကျောင်းအနီးရှိ ကြည်နူးရိပ်စားသောက်ဆိုင် မှာ ထမင်းစားနေတဲ့ အုပ်ချုပ်ရေးမှုးရဲ့ သားမက်ဖြစ်သူကို အမည်မသိသေနတ်သမားနှစ်ဦးက မနေ့က နေ့လယ် ၁၂ နာရီခန့်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒလန်လား ဘာလားတော့ မပြောတက်ဘူး။ အပစ်မခံရခင်နှစ်ရက်က ရွာမှ PDF ဆိုပြီး လူငယ်တွေအဖမ်းခံရသေးတယ်။ မကြာဘူး ဒီလူအပစ်ခံရတာပဲ။ အချက်ပေါင်းများစွာပဲပစ်တာ။ ဘယ်လောက်နာကျည်းနေလဲတော့ မသိဘူး" လို့ အဆိုပါဒေသခံကပြောပါတယ်။
တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်က ဒလန်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် လူငယ်နှစ်ဦးကို စစ်တပ်က PDF ဟုစွပ်စွဲကာဖမ်းဆီးခဲ့တယ်လို့ကျေးရွာနေသူတွေဆီက သိရပါတယ်။
သေဆုံးသူမှာ ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှုးရဲ့သားမက်ဖြစ်သူကိုစိုးညီညီဖြစ်ပြီး လုပ်ငန်းရှင် တစ်ဦးဖြစ်ကာ ပစ်ခတ်ခံခဲ့ရလို့ကျည်ထိမှန်ဒဏ်ရာငါးချက်ရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းက အမည်မဖော်လိုသူတစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြရိုးကျေးရွာအတွင်း စစ်တပ်က စစ်ဆေးမှုတွေပြုလုပ်ကာ စောင့်ကြည့် ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တွံတေးမြို့နယ်မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပညာရေးမှုးရုံး၊ စည်ပင်ရုံးနဲ့ ငါးလုပ်ငန်းဦးစီးဌာနရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒလန်များရဲ့သတင်းပေးမှုကြောင့် စစ်တပ်နဲ့ရဲတွေဟာ PDF များခိုအောင်းနေထိုင်တယ်ဟုဆိုကာ အင်အား များစွာနဲ့ဧည့်စာရင်း စစ်ဆေးခဲ့ဖူးတယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
Salween Press
No comments:
Post a Comment