တိုက်လေယာဉ်ဗုံးစမှန်သဖြင့် ခြေထောက်ဖြတ်တောက်ခဲ့ရသည့်အမျိုးသမီး မြစ်ကြီးနားဆေးရုံတွင် ကွယ်လွန်


မြစ်ကြီးနား - ဖေဖော်ဝါရီ ၆၊ ၂၀၂၂။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လေယာဉ်ဗုံးထိမှန်ခဲ့သဖြင် ခြေထောက်တစ်ဖက်ဖြတ်တောက်ခဲ့ရသည့် အမျိုးသမီးတစ်ဦး ယနေ့ ည ၇ နာရီခွဲခန့် ဆေးရုံတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆုံးပါးသွားကြောင်း သိရသည်။ 

ဗုံးထိမှန်ခဲ့သည့် ဖားကန့်မြို့နယ်၊ ကပ်မှော်ရွာမှအမျိုးသမီးမှာ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီးနောက် ဆုံးပါးသွားခြင်းဖြစ်သည်ဟု ကူညီပေးနေသည့် အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက The 74 Media ကိုပြောသည်။

“(Operation)ခွဲစိတ်ခန်းက ထွက်လာတော့ အကောင်းအတိုင်းပဲ၊ သူ့ကို ဆုတောင်းပေးနေတုန်း ဗိုက်အရမ်းနာလာတယ်ဆိုပြီး ဆုတောင်းနေတဲ့အချိန် အရမ်းအန်လာတယ်၊ ကျွန်တော်တို့လည်း ဆုတောင်းပေးပြီး အိမ်ပြန်ရောက်လာတော့ သူ ဆုံးသွားပြီဆိုတာ ဖုန်းဆက်လာတာပေါ့” ဟု သူကပြောသည်။

ယနေ့ည ဆုံးပါးသွားခဲ့သည့် အမျိုးသမီးသည် အသက် (၅၀) အရွယ် ဒေါ်ဝဂျယ်ထုရာဖြစ်ပြီး လူနာကို အချိန်နှင့်တစ်ပြေးညီ ခွဲစိတ်ကုသပေးလျင် လူနာ အသက်ရှင်နိုင်ကြောင်း သူက ဆက်ပြောသည်။

“မြန်မြန်ခွဲစိတ်ရင်တော့ အသက်ရှင်နိုင်တာပေါ့နော့်၊ ခွဲစိတ်မှု ဘာကြောင့် ကြာတယ်ဆိုတာတော့ မသိဘူး၊တကယ်တော့ သူ့နောက်ကျောဘက်မှာလည်း ဗုံးထိထားသေးတယ်၊ ဒါပေမဲ့ ဆေးရုံက သေချာမကြည့်ပေးဘူး၊ ခြေထောက်ပဲကြည့်ပေးတာပေါ့၊ ခု အန်တာကလည်း အဲ့လက်နက်စကြောင့် အန်တာလို့ ထင်တယ် အသက်ရှူလည်း မဝဘူးပေါ့” ဟု သူကဆက်ပြောသည်။ 

ထို့အပြင် မိသားစုဝင်များ ဗုံးထိမှန်ခဲ့သည့် အကြောင်းကို ကြားသိရ၍ အသက်၇၀ ကျော် အဖွားအိုတစ်ဦးမှာလည်း ကြောက်လန့်သွားသောကြောင့် လက်ရှိအချိန်တွင် စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

ကပ်မှော်ရှိ လေယာဉ်ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ယနေ့ ညနေတွင် ဆေးရုံသို့ ပြန်လည်ရောက်ရှိလာပြီး ဆေးကုသမှု ခံယူနေကြောင်း သူက ဆက်ပြောသည်။

သေဆုံးသွားသည့်အမျိုးသမီးနှင့် အတူ ဆေးရုံရောက်ရှိခဲ့သည့် အသက် (၈၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။

ဖားကန့်မြို့နယ် မနော့မှော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ်(KIA)တပ်ဖွဲ့ဝင်များကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာ တစ်လျောက်ရှိ ဒေသခံများရှိသည့် ကျေးရွာများသို့ လေယောဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယမန်နေ့က ကပ်မှော်ရှိ သင်းထောက်အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦး ခြေထောက်နှင့် လက်များတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့နယ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ကေအိုင်အေတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေပြီး နှစ်ဖက် အကျအဆုံးရှိကြောင်း သိရသည်။


The 74 Media 

တိုက်လေယာဉ်ဗုံးစမှန်သဖြင့် ခြေထောက်ဖြတ်တောက်ခဲ့ရသည့်အမျိုးသမီး မြစ်ကြီးနားဆေးရုံတွင် ကွယ်လွန် တိုက်လေယာဉ်ဗုံးစမှန်သဖြင့် ခြေထောက်ဖြတ်တောက်ခဲ့ရသည့်အမျိုးသမီး မြစ်ကြီးနားဆေးရုံတွင် ကွယ်လွန် Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.