ပုလဲနယ် ပန်းရွာနှင့် မွေ့တုံရွာကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့၊ နှစ်ရွာပေါင်း အိမ်အလုံး(၅၀၀)ဝန်းကျင် မီးလောင်ပြာကျ၊
စစ်အုပ်စုက မီးရှို့လို့ နေအိမ်အလုံး (၅၀၀)လောက် မီးလောင်ပြာကျခဲ့တဲ့ ပုလဲနယ် ပန်းရွာနဲ့ မွေ့တုံရွာ/ Photo – Pale Entertainment ၊ တော်ဝင်လင်းယုန် |
ဖေဖော်ဝါရီ - ၁
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းရွာနဲ့ မွေ့တုံရွာတို့ကို စစ်ကောင်စီက မနေ့က ညပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ပြီး နှစ်ရွာပေါင်းဆို မီးလောင်ပြာကျသွားတဲ့ အိမ်ခြေ (၅၀၀)ဝန်းကျင် ရှိတယ်လို့ သတင်းရရှိပါတယ်။
မနေ့က ဇန်နဝါရီ(၃၁)ရက် ညပိုင်းမှာ ပုလဲမြို့နယ် အနောက်ဘက်ပိုင်းက အိမ်ခြေ (၃၀၀) နီးပါးရှိတဲ့ ပန်းရွာနဲ့ အိမ်ခြေ (၂၀၀) ဝန်းကျင်ရှိတဲ့ မွေ့တုံရွာတို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီဟာ ပုလဲမြို့နယ်မှာ သုံးနေရာခွဲပြီး ရွာတွေမှာ တပ်စွဲထားတာဖြစ်ပြီး PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရွာတွေထဲကို ဝင်ရောက်သောင်းကြမ်း မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ဗိုလ်နဂါး ဦးဆောင်တဲ့ Myanmar's Royal Dragon Army – MRDA အဖွဲ့က အဖွဲ့ဝင် ဗိုလ်ဈာန်ရဲက MFP ကို ပြောပါတယ်။
ပုလဲနယ်က ပန်းရွာနဲ့ မွေ့တုံရွာတို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်အလုံး (၅၀၀)ဝန်းကျင် မီးလောင်ပျက်စီးပြီး နှစ်ရွာလုံး ရွာလုံးကျွတ်နီးပါး ပြာကျခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး MRDA တပ်ဖွဲ့င် ဗိုလ်စျာန်ရဲ ရဲ့ပြောကြားချက်ကို MFP က ရုပ်သံအနေနဲ့ ထပ်မံ တင်ဆက်မှာ ဖြစ်ပါတယ်။
စစ်အုပ်စုက ကျေးရွာအတွင်း သောင်းကျန်းမီးရှို့နေချိန် ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် ရွာသူရွာသားတွေ သတ်ဖြတ်ခံရခြင်း ရှိ၊မရှိ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
တချိန်တည်းမှာပဲ ပုလဲမြို့နယ်ကို စ်အုပ်စုက အင်တာနက် ဖြတ်တောက် ပိတ်ဆို့ထားတာ လနှင့်ချီ ကြာမြင့်နေပါပြီ။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ပုလဲမြို့နယ်က ကျေးရွာတွေ အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်၊ ကျေးရွာတွေကို အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို သတ်ဖြတ်တာ၊ တန်ဘိုးကြီးပစ္စည်းတွေ ခိုးယူလုယက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment