ချင်း​ပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲ ၇၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀၀နီးပါးသေဆုံး

Photo - Chinland Defense Force/ ပုံစာ- စစ်ကောင်စီတပ်များ ချင်ပြည်နယ်အတွင်းဝင်ရောက်လာပုံကို ပြီးခဲ့သည့်နှစ်ကရိုက်ကူးထားသောပုံဖြစ်ပါသည်။

ချင်း ၊ ဖေ​ဖော်ဝါရီ ၃ ရက်

ချင်းပြည်နယ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား အပြန်အလှန်တိုက်ပွဲများ၇၀ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား၂၀၀နီးပါးသေဆုံးခဲ့သည်။

ချင်းပြည်နယ်အတွင်းသို့ဘက်ပေါင်းစုံမှ  အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ချင်းဒေသခံကာကွယ်ရေးအဖွဲ့များအကြားဇန်နဝါရီလအတွင်း အပြန်အလှန်တိုက်ပွဲများ ၇၀ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂၈ဦးသေဆုံးခဲ့ကြောင်း Chinland Joint Defense Committeeက ဒီကနေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်အတွင်း ဇန်နဝါရီလတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)မှ ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းထက်နီက”“ဇန်နဝါရီလအတွင်းမှ အင်အားဖြည့်တင်းလာတာရှိတဲ့ စစ်ကောင်စီတပ်တွေကို တမြို့နဲ့တစ်မြို့လမ်းကြား မှာ  သော်လည်းကောင်း ပြီးတော့ သူတို့က နယ်ထဲကို ကွင်းဆင်းပြီးတော့ နယ်မြေရှင်းလင်းရေးဆိုပြီးတော့ ဆင်းလာတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ဖြစ်တာာပါ။ ချင်းပြည်နယ် ၈မြို့နယ်လုံးမှာ တိုက်ပွဲဖြစ်တာပေါ့နော် အရင်ကတော့သုံးလေးမြို့နယ်ပေါ့။” ဟုဆိုသည်။

CJDC၏ထုတ်ပြန်ထားသောအချက်အလက်များအရ ချင်းဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထန်တလန်မြို့နယ်တွင် တိုက်ပွဲ၁ကြိမ်၊ ဖလမ်းတွင် ၁၃ကြိမ် ၊မင်းတပ်တွင် ၁၄ကြိမ် ၊မတူပီတွင် ၂၉ကြိမ် ၊ကန်ပက်လက်တွင် ၃ကြိမ် ၊တီးတိန်တွင် ၈ကြိမ် တွန်းဇံတွင် ၂ကြိမ်၊ ပလက်ဝတွင် ၁ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ထားသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့မှုများရှိသကဲ့သို့ ချင်းဒေသခံကာကွယ်ရေးအဖွဲ့များဘက်ကလည်း သေဆုံးခဲ့သူ၁၈ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ၂၀ဦးရှိခဲ့ကြောင်းသိရသည်။

တိုက်ပွဲများအတွင်းစစ်ကောင်စီဘက်မှပစ်ခတ်မှုများနှင့်လူမဆန်စွာသတ်ဖြတ်မှုများကြောင့် ဒေသခံပြည်သူ ၁၃ဦးသေဆုံးခဲ့ပြီး ၁၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ချင်းပြည်နယ်အတွင်း ပြင်းထန်လျက်ရှိနေသည့်တိုက်ပွဲများကြောင့် စစ်ရှောင်ရသည့် ပြည်သူလူထုဦးရေးလည်းများပြားလာကြောင်းသိရသည်။

“ဒီတစ်လမှာက ၈မြို့နယ်လုံးမှာ စစ်ဖြစ်လာတာဆိုတော့ ပိုများလာတာပေါ့။ အဓိကကတော့ ဒေသခံ ကျေးလက်ဒေသကပြည်သူတွေ အဓိကထွက်ပြေးတိမ်းရှောင်ကြရတာပေါ့။” ဟု ဆလိုင်းထက်နီကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အစောဆုံးလက်နက်ကိုင်တိုက်ခိုက်သည့် ချင်းပြည်နယ်သည် တိုက်ပွဲအချိန်ကြာမြင့်လာသည်နှင့်အမျှ စစ်ဒဏ်ကို နေ့စဉ်ပြင်းထန်စွာခံစားနေရပြီး ဒေသခံများ၏ ၉၀ရာခိုင်နှုန်းနီးပါးသည် စစ်ရှောင်လျက်ရှိနေကြသည်။ ချင်းစစ်ဘေးရှောင်ပြည်သူများသည် တိုက်ပွဲများနှင့် လွတ်ကင်းရာနေရာများနှင့် အိန္ဒိယနိုင်ငံ မီဇိုးယမ်းပြည်နယ်တွင် နေထိုင်ကြရလျက်ရှိနေသည်။


Ayeyarwaddy Times 

ချင်း​ပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲ ၇၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀၀နီးပါးသေဆုံး ချင်း​ပြည်နယ်တွင် တစ်လအတွင်းတိုက်ပွဲ ၇၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား  ၂၀၀နီးပါးသေဆုံး Reviewed by THITHTOOLWIN on 18:15 Rating: 5

No comments:

Powered by Blogger.