စစ်ကောင်စီနှင့် ပျူစောထီးများ ဖမ်းဆီးသွားသော ကလေးမြို့ခံတစ်ဦး သေဆုံး


ဖေဖော်ဝါရီ ၈၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ   ဖမ်းဆီးခေါ်ဆောင်သွားသည့် ကလေးဒေသခံ ပြည်သူတစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။

“ပြန်လွှတ်တယ် ထင်တာ မလွှတ်ဘဲနဲ့ စစ်တပ်စစ်ကြောရေးကို ခေါ်သွားပြီး စစ်ကြောရေးမှာ ကျတယ်ပေါ့နော်။ အိမ်ကိုတော့ အလောင်းပြန်ထုတ်ခိုင်းတယ်" ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။

အောင်ဇေယျရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ကိုအောင်လွင်ဦးကို ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ကိုအောင်လွင်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် လမ်းတစ်လျှောက်တွင်လည်း ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

"အဲဒီနေ့က ပျူနဲ့ စစ်ခွေးတွေ လှည့်နေတဲ့အချိန် သူက ကိုယ့်ဘက်က လူထင်ပြီးတော့ အရေးတော်ပုံ အောင်ရမယ် အော်လိုက်တာ၊ အဲဒီချိန်မှာ ပျူနဲ့ စစ်ခွေးတွေက ဝိုင်းဆွဲ ခေါ်ဆောင်သွားပြီး ဒီကလေးမြို့ နတ်ချောင်းလမ်း ချမ်းမြေ့ဆေးရုံနားမှာ ဝိုင်းထိုးကြိတ်ကြတယ်။ အဲဒီနားမှာတင် သူက မေ့သွားတာ" ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်တွင် အလောင်းလာထုတ်ရန် စစ်ကောင်စီတပ်က မိသားစုထံ အသိပေးခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၈ ရက် နေ့လည် ၁ နာရီတွင် ဒိုးဝိုင်းချောင်းသုသာန်၌ နာရေးပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပတ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်တွင် ကလေးမြို့၌ အလယ်တန်းပြကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင်လည်း ကလေးမြို့ အောင်သစ္စာရပ်ကွက်၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် အောင်မြေမာန်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးတို့မှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၁၀၀ ကျော် ရှိပြီဖြစ်သည်ဟု ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူများက ထုတ်ပြန်ထားသည်။


သံလွင်ခက် - Than Lwin Khet News

စစ်ကောင်စီနှင့် ပျူစောထီးများ ဖမ်းဆီးသွားသော ကလေးမြို့ခံတစ်ဦး သေဆုံး စစ်ကောင်စီနှင့် ပျူစောထီးများ ဖမ်းဆီးသွားသော ကလေးမြို့ခံတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.