ဖေဖော်ဝါရီ ၆၊ ၂၀၂၂။
ကချင်ပြည်နယ်တွင် ယခုလဆန်းမှစတင်ကာ စစ်စခန်းနှင့် ရဲစခန်းအချို့တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လာသည်။
ဖားကန့်နှင့် ပူတာအိုမြို့နယ်များရှိ စစ်စခန်းအချို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီးနောက် အဆိုပါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသောကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးနောက် နှစ်ရက်အကြာတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဆွမ်ပီယန်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံငါးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ခေါင်လန်းဖူးဌာနေပြည်သူ့စစ်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ဆွမ်ပီယန်ကျေးရွာကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် စစ်ကောင်စီလက်အောက်ခံဌာနေပြည်သူ့စစ်က ဒေသခံများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးသုတေသီတစ်ဦးက The 74 Media ကို ပြောသည်။
"ထုတ်ပြန်ချက်မှာ ပြည်သူ့စစ်က ခုခံတိုက်ခိုက်မယ်ဆိုတာပြောတယ်၊ အသက်သေဆုံးမှုရှိမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ သူတို့ပြောချင်တာက သူတို့ကို မထောက်ခံရင် သေကြေပျက်စီးမယ်လို့ ပြည်သူကို ခြိမ်းခြောက်တာပဲ" ဟုဆိုသည်။
အလားတူ ရဲစခန်းမီးရှို့ဖျက်ဆီးခံရသည့် လုံရှာယန်ကျေးရွာကို ဖေဖော်ဝါရီ ၃ ရက် ညပိုင်းတွင် မချမ်းဘော့အခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုသည် တိုက်ပွဲဖြစ်သဖြင့် လက်နက်ကြီးပစ်ကူမှုမျိုးမဟုတ်ဘဲ ဒေသခံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"လုံရှာယန်ရွာကို လက်နက်ကြီးနဲ့ပစ်တာက ရွာကို ပစ်မှတ်ထားတာပဲ။ ဘာတိုက်ပွဲမှမဖြစ်တဲ့ ညမှာ တမင်ပစ်တာ။ သူတို့အထိနာလို့ ပြည်သူကို ရန်ရှာတဲ့သဘောပါ" ဟုဆိုသည်။
ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့အပြင်းအထန်တိုက်ခိုက်ခံခဲ့ရသည့်အပြင် မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်းသိမ်းပိုက်ခံခဲ့ရပြီးနောက်ပိုင်း မနော့မှော်ကျေးရွာအနီးတစ်ဝိုက်ကို တိုက်လေယာဉ်ဖြင့် အဆက်မပြတ်ဗုံးကြဲခဲ့သည်။
နှစ်ရက်ဆက်တိုက်အပြင်းအထန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈၀ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ အသက် ၈၀ အရွယ်နှင့် အသက် ၅၀ အရွယ် အမျိုးသမီးနှစ်ဦး ခြေထောက်နှင့်လက်ပြတ်ရှဒဏ်ရာများရရှိခဲ့သည်။
တိုက်ပွဲများကြောင့် ဒေသခံပြည်သူအချို့ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျက်ရှိသည်။
The 74 Media
No comments:
Post a Comment