စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် တိုင်းရင်းဆေးခန်းတစ်ခုနဲ့ စီမံကိန်းရုံးအပါအဝင် အဆောက်အဦး ၅လုံးခန့် ထိခိုက်ပျက်စီး၊ လူထုတစ်ဦးလည်း ထိမှန်
ဓာတ်ပုံ - Chit Taw Maung |
ဖေဖော်ဝါရီ ၁ရက်၊ ကွတ်ခိုင်
ဒီနေ့ မနက် ၈ နာရီကျော်ခန့်အချိန် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ ဗျူဟာတပ်စခန်း လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီမှပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ၎င်းတို့လက်အောက်က စီမံကိန်းရုံးနဲ့ တိုင်းရင်းဆေးခန်းတစ်ခုအပါအဝင် ရပ်ကွက် ၁ ထဲက နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲမှာ ရပ်ကွက်နေပြည်သူတစ်ဦးလည်း ထိမှန်ကြောင်းလည်း ရပ်ကွက်နေပြည်သူတစ်ဦးက အခုလိုပြောပါတယ်။
"သူတို့ပစ်တာ သူတို့ကို ပြန်ထိတာပေါ့။ တိုင်းရင်းဆေးခန်းကျမှာက နှစ်လုံး။ ရပ်ကွက်ထဲမှာတော့ သုံးအိမ်ထိတယ်။ တစ်လုံးက သူတို့အိမ်ဝန်းထဲမှာ လာကျတဲ့အခါကျတော့ ဆိုင်ကယ်ထိသွားတာပေါ့။ ဘွားတော် တစ်ယောက်လည်းထိတယ်။ လက်နက်အစတွေက သူ့ခြေထောက်မှာထိတယ်။ သူ့ဟာသူပဲ ပြန်ဆွဲထုတ်လိုက်တာ။ အများကြီးတော့ မဟုတ်ဘူး။"လို့ ပြောပါတယ်။
စစ်ကောင်စီတွေ တန်းစီနေချိန်မှာ ကချင်တပ်ဖွဲ့ KIA က လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့တာဖြစ်တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ခပ်စိတ်စိတ်ပြန်လည်ဖြစ်ပွားနေပါတယ်။
ဒီကနေ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် silence strike ပြုလုပ်နေချိန်မှာ ကွတ်ခိုင်မြို့နယ်က လူထုတွေလည်း ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment