စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့လို့ မင်းတပ် ဝမ္မသူးတိုက်နယ်ဆေးရုံ ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့ရ


ဖေဖော်ဝါရီလ ၂၁ရက်၊ ၂၀၂၂ ခုနှစ်။ 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးတပ်စွဲခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့လို့ ဝမ္မသူးတိုက်နယ်ဆေးရုံဟာ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ မင်တပ်CDF တာဝန်ရှိသူက သံလွင်ခက်ကိုပြောပါတယ်။

"ဒီတစ်ခေါက်လာတဲ့ စစ်ကြောင်းက ဝမ္မသူးတိုက်နယ်ဆေးရုံကို ရစရာမရှိအောင် ဖျက်ဆီးသွားခဲ့တယ်။ 

ဆေးရုံတစ်ခုလုံးဟာ ဘာမှရစရာမကျန် အခွံသက်သက် အဖြစ်ကျန်ခဲ့ပြီး ဆေးဝါး၊ ခုတင်၊ စားပွဲ၊ စက်ပစ္စည်း၊ မီးစက်၊ ကုလားထိုင်၊ စာအုပ်၊ ဗီရို၊ စင်ကအစ နောက်ဆုံး သောက်ရေခွက်ပါမကျန် အကုန်လုံးစုပုံ ဖျက်ဆီးမီးရှို့ခဲ့ကြပါတယ်။

စကစတွေဟာ မီးရှို့ခဲ့တဲ့နေရာတွေကို မြေကြီးနဲ့ပြန်ဖုံးပြီး လက်စဖျောက်ဖို့လည်း ကြိုးစားခဲ့ကြတယ်။ ပျက်စီးမှုတွေကတော့ ကာလတန်ဖိုးနဲ့ဆို သိန်းထောင်ချီရှိနိုင်တယ်။ 

မင်းတပ်ပြည်သူတွေ ဖျားနာရင် ဆေးကုစရာမရှိ၊ သေပါစေဆိုပြီး ဖျက်လိုဖျက်ဆီးလုပ်ခဲ့တာ"လို့ မင်းတပ်CDF တာဝန်ရှိသူ ကိုယောမာန်ကပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖျက်ဆီးသွားတဲ့ဝမ္မသူး တိုက်နယ် ဆေးရုံဟာ အရေးပေါ်ခွဲစိတ်ကုသမှုတွေကိုပြုလုပ်ပေးနေပြီး အနီးအနားတိုက်နယ်ကျန်းမာရေးအဖွဲ့တွေကပါ လူနာတွေကို လွှဲပြောင်းပေးနေရတဲ့အထိ ဒေသခံပြည်သူထောင်ပေါင်းစွာအတွက် အားကိုးအားထားပြုနေရတဲ့ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်းဒေသကြီးယောဒေသကြားမှာရှိတဲ့ ဝမ္မသူးရွာနဲ့အနီးနားကကျေးရွာတွေဘက်ကို အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး အခုလဖေဖော်ဝါရီ ၁၄ ရက်ကနေစပြီး တစ်ပတ်လောက်အထိအကြာ တပ်စွဲနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေစဥ်အတွင်းမှာ မင်းတပ် CDF တွေနဲ့ ထိတွေ့တိုက်ပွဲတချို့ရှိနေခဲ့ပေမယ့် စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ပစ်ခတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ ဝမ္မသူးတိုက်နယ်ဆေးရုံရှိ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။


သံလွင်ခက် - Than Lwin Khet News

စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့လို့ မင်းတပ် ဝမ္မသူးတိုက်နယ်ဆေးရုံ ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့ရ စစ်ကောင်စီတပ်တွေ ဖျက်ဆီးခဲ့လို့ မင်းတပ် ဝမ္မသူးတိုက်နယ်ဆေးရုံ ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့ရ Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.