စစ်ကောင်စီဗုံးကြဲသဖြင့် ထိခိုက်ဒဏ်ရာရရှိသူသုံးဦး အသက်အန္တရာယ်စိုးရိမ်ရ


ပူတာအို - ဖေဖော်ဝါရီ ၄၊ ၂၀၂၂။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှ ဒေသခံပြည်သူသုံးဦး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

အဆိုပါသုံးဦးသည် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒေါ်ဂျာဘူက လည်ချောင်းပေါက်သွားတာ အာခေါင် ပေါက်သွားတာ။ ညာလက်မောင်း အသားတွေ အကုန်ပါသွားတယ်။ အရိုးတော့ မကျိုးဘူး။ နောက်တစ်ယောက်က ကျောကုန်းနောက်မှာ ထိသွားတာ။ လုံးဝ လှုပ်ရှားလို့မရဘူး။ ဂျာငွေလုံက ပေါင်မှာ တစ်ချက်ထိပြီးမှ အရိုးတော့ မထိဘူး။ ပေါက်ပြဲသွားတယ်။ ညာဘက်လက်က ကျည်အထဲမှာ ကျန်သွားလားမသိဘူး။ သူအရမ်းငိုတော့ မသိရဘူး။” ဟုပြောသည်။

မြစ်ကြီးနားတွင် ဆေးကုသမှုခံယူနေသူ သုံးဦးမှာ အသက် ၅၀ နှစ်အရွယ် ဒေါ်ဂျာဘူ၊ အသက် ၁၈ နှစ်အရွယ် မောင်ဒန်ခေါန် နှင့် အသက် ၁၂ နှစ်အရွယ် မဂျာငွေလုံတို့ဖြစ်သည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပြည်သူကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ဆွမ်ပီယန်ကို ပစ်တယ်ဆိုတာက ရည်ရွယ်ချက်ရှိရှိ ဆွမ်ပီယန်ကိုပစ်တာ။ အခု ကေအိုင်အေတွေနဲ့ pdf တွေ နေတဲ့နေရာနဲ့ ကျွန်တော်တို့ရွာနဲ့က အရမ်းဝေးတဲ့နေရာမှာ ဘာမှ မဆိုင်တဲ့နေရာမှာ ကျွန်တော်တို့ရွာမှာ ဗုံးကြဲပေးတယ်။ ရန်သူကို တိုက်ခိုက်တာမဟုတ်ဘူး။ ပြည်သူကိုတိုက်ခိုက်တာ စစ်ကောင်စီအစိုးရတွေက။” ဟုသူကပြောသည်။

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ပူတာအိုမြို့သို့ ထွက်ပြေးတိမ်းရှောင်သည့် ဆွမ်ပီယန်ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူလာရှီးဒီဂိတ်တွင် သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။  

ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော် လူဦးရေက ၁၃၀၀ ကျော် နေထိုင်ပြီး ယမန်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်ရှစ်အိမ် မီးလောင်ပျက်စီးခဲ့သည်။


The 74 Media 

စစ်ကောင်စီဗုံးကြဲသဖြင့် ထိခိုက်ဒဏ်ရာရရှိသူသုံးဦး အသက်အန္တရာယ်စိုးရိမ်ရ စစ်ကောင်စီဗုံးကြဲသဖြင့် ထိခိုက်ဒဏ်ရာရရှိသူသုံးဦး အသက်အန္တရာယ်စိုးရိမ်ရ Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.