မကွေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂။
မကွေးမြို့မှာ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတဦးကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီအမျိုးသားဟာ ဒီနေ့မနက်ပိုင်းက မကွေးမြို့၊ ဗိုလ်ချုပ်လမ်းနဲ့ နတ်မောက်လမ်းစုံမှာရှိတဲ့ မီးပွိုင့်မှာ စစ်ကောင်စီမလိုလားတဲ့ တော်လှန်ရေးဆောင်ပုဒ်တွေကို ရွတ်ဆိုနေခဲ့တာကြောင့် လာဖမ်းသွားတာလို့ ဒေသခံတဦးကပြောပါတယ်။
“ မကွေးနတ်မောက်လမ်းမှာ ဦးနှောက်သိပ်မမှန်တဲ့လူက လက်သီးလက်မောင်းတွေတန်းပြီး ဒီမိုကရေစီရရှိအရေး ဒို့အရေး ဘာညာ ဆိုပြီးထအော်တာ၊ အော်တော့ဗိုလ်ချုပ်လမ်းနဲ့ နတ်မောက်လမ်းမီးပွိုင့်ထောင့်မှာ အစောင့်တွေကရှိတာကို တံတားထိပ်မှာစောင့်တဲ့အစောင့်တွေပါ အုပ်စုလိုက်ရောက်လာပြီး ရိုက်ပုတ်ပြီးဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဖမ်းဆီးခံလိုက်ရတဲ့အမျိုးသားဟာ အခြားနယ်ကနေရောက်လာတာလို့ ယူဆရပြီး၊ စစ်သား ၆ ဦးလောက်က ပွိုင့်ကားနဲ့ စစ်တပ်ထဲကိုခေါ်သွားတယ်လို့လည်း သိရပါတယ်။
“ မြို့ပေါ်ကမဟုတ်လောက်ဖူးဗျ၊ ပုံစံကတော့ နယ်ကတက်လာတဲ့သဘောဖြစ်နေတယ်၊ လမ်းလယ်မှာလက် ၃ ချောင်းထောင်ပြီးအော်တာ၊ မြို့ခံမဟုတ်ဖို့များတယ်၊ ခုလောလောဆယ် ဒီနားတင်ရှင်းသွားတာ၊ စစ်တပ်ကဖမ်းခေါ်သွားတာ၊ စစ်သား ၆ ယောက်လောက်ပါတယ်၊ပွိုင့်ကားနဲ့စစ်တပ်ထဲခေါ်သွားတယ် “ လို့ ဒေသခံတဦးဆက်ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment