အင်းခရု MPT ရုံးတွင်လည်း မပေါက်ကွဲသေးသော လက်ပစ်ဗုံးတွေ့၊
ဖေဖေါ်ဝါရီ - ၁၃
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်း ရပ်ကွက်ရုံးတွင် အထိုင်ချနေသော စစ်အုပ်စုကို ယနေ့ နေ့လယ်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစများ ထိခိုက်နိုင်ချေရှိကြောင်း မန္တလေး မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော Dragon Warrior အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖေါ်ဝါရီ(၁၃)ရက် နေ့လည် (၁)နာရီကျော်က Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force (YPGF) အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်း ရပ်ကွက်ရုံးတွင် တပ်စွဲထားသော စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ငွေတော်ကျီကုန်း ရပ်ကွက်ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စခများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စခများ ထိခိုက်နိုင်ခြေရှိကြောင်း အသိပေး ကြေညာအပ်ပါသည်” ဟု Dragon Warrior အဖွဲ့က ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စကစများ အထိအခိုက် ရှိ၊မရှိ MFP အနေဖြင့် မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ ငွေတော်ကျီကုန်းရပ်ကွက်ရုံးတွင် ယနေ့ နေ့လာ်ပိုင်းက ကျယ်လောင်သော ပေါက်ကွဲသံကြားရကြောင်း ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ထို့အပြင် ယနေ့ မနက်ပိုင်း (၈)နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ (၁၂၀)လမ်း (မင်းကြီးရန်နောင်လမ်း)၊ လမ်း(၆၀) နှင့် (၆၁)လမ်းကြားရှိ MPT မြန်မာ့ဆက်သွယ်ရေးရုံး အပြင်ဘက်ခြံစည်းရိုးအနီးတွင်လည်း မပေါက်ကွဲသေးသော လက်ပစ်ဗုံးတစ်လုံး တွေ့ရှိကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မန္တလေးမြို့၌ စစ်အုပ်စုက ရပ်ကွက်တစ်ခုပြီးတစ်ခု ဝင်စီးကာ ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်နေသော်လည်း မြို့ပြပြောက်ကျား ရဲဘော်များ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သလို စစ်ကောင်စီနှင့် ဆက်စပ်သူများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရဆဲ ဖြစ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment