စစ်ကောင်စီ၏ကပစတပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်နေသည့် နမခနယ်မြေအတွင်းရှိကပစတပ်များသို့မပြောင်း ရွှေ့ရရေး အပြိုင်အဆိုင်ငွေပေး၍ဖြေရှင်းနေ


ဖေဖော်ဝါရီ ၂၇ ရက်

စစ်ကောင်စီ၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တပ်ဖွဲ့ဝင်များ အနေဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကွပ်ကဲမှုနယ်မြေအတွင်းရှိ ကပစတပ်ရင်းများသို့ မပြောင်းရွှေ့ရရေး နေပြည်တော်စစ်ရုံးရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်) စစ် သည်အပြောင်းအရွှေ့ဌာနသို့ အပြိုင်အဆိုင်ငွေပေးနေကြကြောင်း ကပစတပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတိုက်ပွဲများပြင်းထန်နေသည့် နယ်မြေများဖြစ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကွပ်ကဲမှုနယ်မြေ၊ မကွေးတိုင်း(မြောက်ပိုင်း)ရှိကျောမြို့အခြေစိုက် ကပစ(၂၃)၊ ပေါက်မြို့အခြေစိုက် ကပစ(၂၄)၊ လောင်းရှည်မြို့အခြေစိုက်ကပစ(၂၅) နှင့်မြိုင်မြို့နယ်အခြေစိုက် အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တကစ-၃)စသည့်တပ်ရင်းများသို့ မပြောင်းရွှေ့လို၍ယင်းကဲ့သို့လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း သိရသည်။

'' လာမယ့် တပ်မတော်နေ့နောက်ပိုင်းမှာ အပြောင်းအရွှေ့ဘုတ်တွေထွက်ဖို့ရှိတယ်လို့သိရတယ်။ ခုက အဲ့ဒီဒေသဘက်ကတပ်တွေမှာအနေကြာတဲ့သူတွေနဲ့ ဒီဘက်ကနယ် မြေအေးတဲ့နေရာကအဖွဲ့တွေနဲ့ ချိန်းဖို့ရှိတယ်။အဲ့ဒီဘက်တွေက တိုက်ပွဲတွေတအားဖြစ်နေတော့ ပြောင်းရမှာစိုးလို့ အထက်ဌာနကို အပြိုင် အဆိုင်ပိုက်ဆံပေးပြီး အပြောင်းမပါအောင်လုပ်နေကြတာ'' ဟု မကွေးတိုင်းအတွင်းရှိ ကပစတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တပ်ဖွဲ့တွင်းအပြောင်းအရွှေ့များကို (ကကထုတ်) အရာရှိချုပ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လာဘ်ငွေပေးအပ်သည့်ငွေပမာဏအပေါ်မူတည်၍ ပြောင်းရွှေ့လိုသည့်တပ်သို့ ပြောင်းရွှေ့ပေးရန်စီစဥ်ပေးကြောင်း နေပြည်တော်စစ်ရုံးရှိစစ်ဘက် သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ဒေသများရှိ ကပစတပ်ရင်းများက စစ်ကောင်စီတပ်သားများအနေဖြင့်လည်း တိုက်ပွဲဖြစ် ပွားမှုမရှိသည့်ဒေသများသို့ပြောင်းရွှေ့လိုနေပြီး လက်ရှိတွင် အဆိုပါတပ်ရင်းများ၏ စစ်ကောင်စီတပ်သားများနှင့်၄င်းတို့၏ မိသားစုဝင်များ လုံခြုံရေးအန္တရာယ်စိတ်မချရ၍ ၄င်းတပ်များ၏စစ်တပ်အကြီးတန်းအရာရှိများက တပ်ပြင်ထွက်ခွင့်လုံးဝ ပိတ်ထားကြောင်း သိရသည်။

ယခုလပိုင်းများအတွင်း ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ပေါက်နှင့်မြိုင်မြို့နယ်အတွင်းတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအများအပြားရှိနေပြီး PDF၏မိုင်းဆွဲမှုများနှင့် ကြားဖြတ်တိုက်ခိုက်မှုများကြောင့် မကွေးမြို့ အမှတ် ၁၆ တပ်မတော်ဆေးရုံ ကုတင်(၁၀၀) တွင် ဆေးရုံတက် ရောက်ကုသနေရသည့် ကပစတပ်ဖွဲ့ဝင် ရာနှင့်ချီ၍ ရှိနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူတဦးကလည်း ဧရာဝတီတိုင်းမ်ကိုပြောသည်။

'' ကျနော်တို့ကတော့ လက်နက်ထုတ်တဲ့တပ်တွေဖြစ်တဲ့အတွက် အရေးကြီးတဲ့တပ်တွေဖြစ်လို့ ဒီတပ်တွေကိုအဓိကထားတိုက်ခိုက်မှာဖြစ်တယ်။ ဒီတပ်တွေရဲ့အပြင်ကို တပ်ပြင်ထွက်တာနဲ့ စစ်ဆင်ရေးနယ်မြေဘဲ။ ကျနော်တို့ဒေသတွင်း PDF တွေစုပေါင်းပြီးတိုက်ခိုက်သွားမယ်'' ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်-PRAခေါင်းဆောင် ဗိုလ်ဂျပန်ကြီးက ဧရာ ဝတီတိုင်းမ်ကိုပြောဆိုထားသည်။

အဆိုပါဒေသများအတွင်းက ကပစတပ်ရင်းများကို လည်း ဒေသခံPDFများက လာဝိုင်းခြင်းများရှိနေသဖြင့် တပ်ရင်းအတွင်းအရေးပေါ်အခြေအနေကြေငြာ ထားသလို ခြေလျင်တိုက်ခိုက်ရေးတပ်များကိုလည်း ခေါ်ယူထားရကြောင်း တပ်တွင်းသတင်းရင်းမြစ်များ ထံကသိရသည်။


Ayeyarwaddy Times 

စစ်ကောင်စီ၏ကပစတပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်နေသည့် နမခနယ်မြေအတွင်းရှိကပစတပ်များသို့မပြောင်း ရွှေ့ရရေး အပြိုင်အဆိုင်ငွေပေး၍ဖြေရှင်းနေ စစ်ကောင်စီ၏ကပစတပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်နေသည့် နမခနယ်မြေအတွင်းရှိကပစတပ်များသို့မပြောင်း ရွှေ့ရရေး အပြိုင်အဆိုင်ငွေပေး၍ဖြေရှင်းနေ Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.