ရွှေဘို၊ ဖေဖော်ဝါရီ (၈)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ရွာကို ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီနှင့် ပျူစောထီးများက လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်း နေကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ဖေဖေါ်ဝါရီ (၈)ရက် မနက်(၇)နာရီခန့်က စ၍ ထိုကဲ့သို့ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
"မနက် (၇) နာရီထဲက ပစ်ပြီးဝင်လာတယ်။ ရွာထဲကဆန်စက်တွေမှာလည်း တပ်ဆွဲထားတယ်။ အခုတော့တစ်ရွာလုံး ဝရုန်းသုန်းကားပြေးနေရပြီ" ဟုဒေသခံတစ်ဦးက လူငယ်ခေတ်သို့ ပြောသည်။
စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ၎င်းတို့ရှေ့၌တွေ့သည့် ဒေသခံ (၅) ဦး ထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း ကနဦးသတင်းများအရ သိရသည်။
လက်ရှိအချိန်၌ စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာစာသင်ကျောင်းတွင် တပ်ဆွဲထားပြီး ရွာသားများထွက်ပြေးနေရသောကြောင့် ကျေးရွာတွင်းအခြေအနေကို မသိရသေးဟု ဆိုသည်။
ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့အနောက်ဘက်တွင် တည်ရှိပြီး အထည်ယက္ကန်းလုပ်ငန်းများနှင့် စည်ကားသည့်ရွာကြီး ဖြစ်သည်။
စစ်ကောင်စီက ရွှေဘိုမြို့ဝန်းကျင်ရှိ ကျေးရွာများကို ဖျက်ဆီးနေပြီး ဆိပ်ခွန်ရွာအနီးရှိ ပန်းလှိုင်ကျေးရွာကို စီးနင်းတပ်ဆွဲထားသည်မှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ကာ ၎င်းကျေးရွာကို တပ်ဆွဲ၍ အနီးနားကျေးရွာများကို ဖျက်ဆီးနေခြင်း ဖြစ်သည်။
Lu Nge Khit
No comments:
Post a Comment