မုံရွာ နမခ တိုင်းစစ်ဌာနချုပ်နှင့် မုံရွာလေတပ်စခန်း ဌာနချုပ်ကို ရှော့တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊
မုံရွာ နမခ နှင့် မုံရွာ လေတပ်စခန်း ဌာနချုပ်သို့ ရှော့ဒုံးများဖြင့် ပစ်ခတ်ခဲ့သည့် FRF ရဲဘော်များ/ Photo – FRF |
ဖေဖေါ်ဝါရီ - ၁၉
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)နှင့် မုံရွာလေတပ်စခန်း ဌာနချုပ်တို့ကို ယမန်နေ့ ညနေပိုင်းက (၁၀၇ မမ) ရှော့တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုများက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖေါ်ဝါရီ(၁၈)ရက် ညနေ(၆)နာရီခွဲ ဝန်းကျင်က ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များဖြစ်သော FRF – Freedom Revolution Force တပ်ဖွဲ့၊ KG အဖွဲ့နှင့် ဗိုလ်လင်းယုန်အဖွဲ့တို့မှ မဟာမိတ် အထူးစစ်ဆင်ရေးအဖွဲ့များက အထက်ပါအတိုင်း နမခ နှင့် မုံရွာလေတပ်စခန်း ဌာနချုပ်ကို ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဆိုသည်။
“အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)၊ မုံရွာလေတပ်စခန်းဌာနချုပ်ကို FRF နှင့် မဟာမိတ် အထူးစစ်ဆင်ရေးအဖွဲ့များမှ ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မဟာမိတ် တပ်ပေါင်းစုများအားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်”ဟု FRF က ဖော်ပြသည်။
ယမန်နေ့ ညနေ(၆)နာရီကျော်က မုံရွာ နမခ အနီးတွင် ပေါက်ကွဲသံကြားရပြီးနောက် စစ်အုပ်စုက ည(၁၁)နာရီကျော်အထိ ဆဲဆိုရမ်းကား ပစ်ခတ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
“နမခ ခွေးခြံ ကနေ ည(၁၁)နာရီကျော်အထိ ပစ်ခတ်နေတာ။ လက်နက်ကြီးသံတွေရော ပစ်ခတ်သံတွေ အဆက်မပြတ်ကြားရတယ်။ တိုက်ပွဲဖြစ်သလားလို့တောင် ထင်ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ မုံရွာ နမခ နှင့် မုံရွာ လေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စကစများ ထိခိုက်သေဆုံးမှု ရှိ၊မရှိ MFP အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိတွင် နမခတိုင်းမှူး သန်းထိုက် ဦးဆောင်သော စစ်အုပ်စုက မုံရွာမြို့ပေါ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း လက်နက်အားကိုးဖြင့် ထင်တိုင်းကျဲ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့ခြင်းများ ကျူးလွန်နေပြီး အရပ်သားပြည်သူများအား လေကြောင်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခြင်းများလည်း နေ့စဉ် ကျူးလွန်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment