ပြန်လည်စုရုံးနှစ်ခြောက်လုံး စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်အတူ မုံရွာအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။
အကျဥ်းသားများသည် သနပ်ခါးပါးကွက်ကြားလိမ်းခြင်း၊ သနပ်ခါးဖြင့် လက်သုံးချောင်းပုံရေးဆွဲခြင်း၊ သနပ်ခါးဖြင့် CRPH၊ NUG ၊PDF အစရှိသောစကားလုံးများ ရေးသားပုံဖော်ခြင်း၊ တရားရုံးထုတ်ရာတွင် သနပ်ခါးလိမ်းသွားခြင်း စသည်တို့ဖြင့် ပူးပေါင်းပါဝင်ခဲ့သည်ဟုဖေဖော်ဝါရီ ၂၂ ညတွင်သတင်းထုတ်ပြန်သည်။
နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရခြင်း၏ ရည်ရွယ်ချက်မှာ “စစ်အာဏာရှင်ကို ရောက်ရာအရပ်မှ ဆန့်ကျင်သပိတ်မှောက်ကြတာပဲဖြစ်တယ်၊ အပြင်ကပြည်သူတွေနဲ့ တစ်သားတည်းရှိနေကြောင်း ပြသခြင်းဖြစ်တယ်” ဟု သိရှိရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
မုံရွာအကျဉ်းထောင်သည် အကျဉ်းသားဦးရေ ၁၀၀၀ ခန့်ရှိပြီး ထက်ဝက်ကျော်သည် အကြမ်းဖက်စစ်ကောင်စီမှ မတရားသဖြင့်ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ရက် (၂၂.၂.၂၀၂၂) တွင် နှစ်ခြောက်လုံး အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းဒေသအသီးသီးရှိ ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် စည်ကားသပိတ်ဆင်နွှဲခဲ့ကြသည်။
People's Spring
No comments:
Post a Comment