Photo- crd |
Feb 9.2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာနေ အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ် သွားကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၈ရက်နေ့ ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်များသည် မဒေါင်းကြီးကျေးရွာသို့ဝင်ရောက်လာကာ ရွာထိပ်ပိုင်းရှိ နေအိမ်တစ်လုံးသို့ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းရှိ သားအဖနှစ်ဦးအား အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးလှုပ်ရှားမူတွင် ပါဝင်လှုပ်အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ခုလိုပြောသည်။
''အကြောင်းမဲ့ပစ်သတ်သွားတာဗျသူတို့က ဘယ်ရွာမဆိုဝင်ပြီးဆိုတာနဲ့ပစ်သတ်တာပဲ အခုပစ်သတ်သွားတဲ့နှစ်ယောက်ကသားအဖတွေဟုတ်တယ် သားဖြစ်သူက အသက် ဆယ့်ငါးနှစ်ပဲရှိသေးတယ် သူအဖေကတော့အသက်ကြီးနေပြီ''ဟု ၎င်းကပြောသည်။
ပစ်သတ်ခံရသည့်နှစ်ဦးမှာ သားဖြစ်သူ အသက် (၁၅)နှစ်အရွယ် ကိုပိုင်ဇေရဲထွန်းနှင့် ဖခင်ဖြစ်သူဦးလှထွန်းဦးတို့ ဖြစ်ကြောင်းသိရသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် မဒေါင်းလှကျေးရွာမှ မဒေါင်းကြီးကျေးရွာသို့ ဝင်ရောက်လာချိန် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ စောင့်ကြိုတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
''အဲ့ဒီဝင်လာတဲ့ စစ်ကောင်စီတပ်ကိုကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့သုံးဖွဲ့ပေါင်းပြီးတော့ တိုက်တယ် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးခဲ့ပါတယ်။ ကျနော်တို့ဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေရှိခဲ့တော့ စစ်ကောင်စီတပ်တွေက မဒေါင်းလှရွာကိုပြန်လှည့်သွားတယ်''ဟု ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အလားတူ ဇန်နဝါရီလ ၂၅ရက်နေ့တွင်လည်း ခင်ဦးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်လာကာ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသည့်အပြင် အပြစ်မဲ့ပြည်သူ ၁၀ဦး ထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။
စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်းတွင် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များမီးရှို့ခြင်း အကြောင်းမဲ့လူသတ်ခြင်းများရှိခဲ့ပြီး လက်ရှိအချိန်ထိ အပြစ်မဲ့ပြည်သူ ၂၀ ကျော်သတ်ခံရပြီဖြစ်ကြောင်းသိရသည်။
Kachin News Group
No comments:
Post a Comment