စစ်ကူလာသောကားကို မိုင်းဆွဲရာ ပျူ ငါးကောင်သေပြီး စစ်အုပ်စုက အနီးအနား ရွာများကို ဝင်မွှေသောင်းကျန်း၊
ဖေဖေါ်ဝါရီ - ၁၉
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ပေါင်းစုများက ယနေ့ မနက်ပိုင်းတွင် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ (၁၇)ဦး သေပြီး အများအပြား ထိခိုက် ဒဏ်ရာရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖေါ်ဝါရီ(၁၉)ရက် မနက်(၃)နာရီကျော်တွင် ကန့်ဘလူမြို့နယ် ချပ်သင်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုများက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ်စစ်ရေးသတင်း အကျဉ်းချုပ်တွင် ဖော်ပြသည်။
“ချပ်သင်းကျေးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ တပ်သား (၁၇)ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မနက် (၅)နာရီခွဲ ခန့်ကလည်း ကျွန်းလှမြို့မှ စစ်ကူလာသော ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ငါးဦး သေဆုံးခဲ့သည်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံ သတင်းရင်းမြစ်များသို့ MFP သို့ ဆက်သွယ်မေးမြန်းရာ တိုက်ခိုက်မှု ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်းနှင့် ပျူစောထီး သင်တန်းပေးနေသော ချပ်သင်းရွာ ရဲစခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
“ချပ်သင်းရဲစခန်းကို PDFပူးပေါင်းအဖွဲ့တွေ ဝင်တိုက်တာ။ ပစ်သံခတ်သံ၊ ဗုံးကွဲသံတွေ ဆူညံလို့ပဲ။ တကယ့်ကို စစ်ပွဲပဲ” ဟု ဒေသခံ တစ်ဦးက MFP သို့ ပြောသည်။
ချပ်သင်းရွာ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ကောလင်းမြို့မှ စကစများ အဆိုပါ ချပ်သင်းရွာဘက်သို့ ဆင်းသွားသလို စစ်အုပ်စုက ယနေ့ နေ့လည်ပိုင်းတွင် ကန့်ဘလူမြို့နယ် ပေလည်၊ သပြေသာ၊ မဲသည်၊ ဘိုကုန်း၊ ဘိုတဲကုန်း စသည့် ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အကြမ်းဖက်စီးနင်းပြီး ဝင်မွှေသောင်းကျန်းနေကြောင်း၊ စစ်အုပ်စုသည် ပေလည်ရွာဘုန်းကြီးကျောင်းဝင်းတွင် အထိုင်ချကာ ဒေသခံအများအပြားကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်လျှက် ရှိရာ သေဆုံးသူ အချို့ ရှိကြောင်း ကန့်ဘလူဒေသ သတင်းများ ဖော်ပြလျှက်ရှိသော Infinity Group က ဖော်ပြသည်။
ထို့အပြင် လက်နက်ကြီးများဖြင့် ထင်တိုင်းကျဲ ရမ်းကားပစ်ခတ်သဖြင့် လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲ ပျက်စီးမှုများ ရှိပြီး ဒေသခံအများစုသည် ထွက်ပြေးနိုင်ခြင်း မရှိဘဲ စစ်အုပ်စု၏ ပိတ်ဆို့ ဖမ်းဆီးခြင်းနှင့် ညှဉ်းကပန်းနှိပ်စက်ခြင်းများ ခံနေရသည်ဟု ဆိုသည်။
စစ်အုပ်စု၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် ဒေသခံ အရပ်သာ သေဆုံးမှု အခြေအနေများကိုမူ MFP အနေဖြင့် အသေးစိတ် မသိရသေးပါ။
ကန့်ဘလူမြို့နယ် မြောက်ပိုင်း ချပ်သင်းရွာသည် ကောလင်းမြို့နယ်အစပ်၊ မန္တလေး - မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိပြီး ရွှေသမင်များ ရှိသော ချပ်သင်းဘေးမဲ့တောကြောင့် လူသိများသော ကျေးရွာတစ်ရွာ ဖြစ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment