စစ်အုပ်စုက မြင်းမူ ပဒတ္ထိုင်းရွာမှ ရွာသား(၂၀)ကျော်ကို သတ်ဖြတ်ဟုဆို၊


ဖေဖော်ဝါရီ - ၁

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ကာ စီးနင်း ဝင်ရောက်ပြီးနောက် ဒေသခံ ရွာသူရွာသားများကို ဖမ်းဆီးကာ (၂၀)ဦး ထက်မနည်းကို သတ်ဖြတ်သွားဟု သတင်းရရှိထားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ(၃၁)ရက် မနက်ပိုင်းတွင် စစ်အုပ်စုက ပဒတ္ထိုင်းရွာကို ရဟတ်ယာဉ်များ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက် စီးနင်းခဲ့ပြီးနောက် ရွာသူရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ယနေ့ ဖေဖော်ဝါရီ(၁)ရက်တွင် ဓားစာခံအဖြစ် ဖမ်းဆီးထားသူများအနက် အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဒေသခံရွာသူရွာသား (၂၀)ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။

“မတရား သတ်ဖြတ်ခံရသူဦးရေ (၂၀) ဦး ထက်မနည်း ရှိပြီး နေအိမ် မီးရှို့ခံရမှုများ ရှိကြောင်း သတင်းရရှိခဲ့ပေမယ့် အတည်ပြုချက် မပေးနိုင်သေးပါဘူးခဗျား” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

ဓားစာခံအဖြစ် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရာတွင်လည်း ချက်ချင်း ရွာသို့ ပြန်မဝင်ရန် အကြမ်းဖက်စစ်အုပ်စုက ခြိမ်းခြောက်သည်ဟု ဆိုသည်။

“ပဒ္ဒတ္ထိုင်းကျေးရွာတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံရသော ရွာသားများအား အကြမ်းဖက်စစ်တပ်မှ  ယနေ့ညနေ (၅)နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။ ညနေ(၃)နာရီ လောက်ကထဲက (၅)နာရီထိုးမှ ထွက်ကြဆိုပြီး ကျောင်းထဲမှာ ထားခဲ့တာ၊ ရွာကို ငါးရက်လောက်နေမှ ပြန်လာကြလို့လည်း ပြောတယ်ဟု ဖမ်းဆီးခံ ပြည်သူတဦးက ပြန်လည်ပြောပြပါသည်” ဟု မြင်းမူ သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက် စစ်အုပ်စုသည် ပဒတ္ထိုင်းရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံ ရွာသူရွာသား (၃၀)ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ထို့နောက် ကျေးရွာချင်း ကပ်လျှက်တည်ရှိသော အရာတော်မြို့နယ် မလဲသာရွာကို ယင်းညနေပိုင်းတွင် အကြမ်းဖက် စစ်အုပ်စုက အထက်ပါ လူသားဒိုင်းများ သုံးကာ စီးနင်းဝင်ရောက်ခဲ့ပြီးနောက် ထင်တိုင်းကျဲ မွှေနှောက်သောင်းကျန်း လုယက်ခဲ့သည်။

စစ်အုပ်စုသည် ပဒတ္ထိုင်းရွာကို ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်ကာ စီးနင်းစဉ်ကတည်းက ရွာသူရွာသား သုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက MFP သို့ အတည်ပြုပြောဆိုထားသည်။


Mandalay Free Press - MFP

စစ်အုပ်စုက မြင်းမူ ပဒတ္ထိုင်းရွာမှ ရွာသား(၂၀)ကျော်ကို သတ်ဖြတ်ဟုဆို၊ စစ်အုပ်စုက မြင်းမူ ပဒတ္ထိုင်းရွာမှ ရွာသား(၂၀)ကျော်ကို သတ်ဖြတ်ဟုဆို၊ Reviewed by THITHTOOLWIN on 22:00 Rating: 5

No comments:

Powered by Blogger.