ဖေဖော်ဝါရီ ၁၄ ရက်၊ မိုးကုတ်
ဒီနေ့မနက် အစောပိုင်း ၄ နာရီကျော်ကနေ စတင်ပြီးတော့ ၈ နာရီခွဲအထိ မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် ဂွေးပင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ တပ်စခန်းကို လက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဘယ်တပ်ဖွဲ့က လာရောက် ပစ်ခတ်လဲဆိုတာကိုတော့ အတည်မပြုနိုင်သေးဘဲ တိုက်ပွဲအတွင်း လက်နက်ကြီးတွေလည်း အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အသံကတော့ ငြိမ်သွားပြီ။ ဖြစ်တာက တော်တော်လေးတော့ ကြာတယ်။ တပ်စခန်းထဲက ဘယ်နှစ်ယောက် သေလဲဆိုတာတွေလည်း သတင်းတွေ မထွက်သေးဘူး” လို့ ဂွေးပင်ရွာအနီးရှိ ကျေးရွာခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲ ပြင်းထန်တာကြောင့် ဂွေးပင်ရွာခံတွေဟာ ကျောက်ပြာသာဒ် စေတီတော်အနီးရှိ ကျပ်ပြင်ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ပြောပါတယ်။
မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးကလည်း “ဂွေးပင်ရဲ့ တပ်စခန်း ကင်းချတဲ့နေရာမှာ ဝင်ပစ်ကြတယ်လို့ ကြားတယ်။ ကျနော်တို့နဲ့အလှမ်းဝေးကြတော့ ဘယ်သူနဲ့ဖြစ်တာ မသိရဘူး။ သတင်းကလည်း ကောလဟာလတစ်ယောက်တစ်မျိုး ပြောကြတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ TNLA ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ မန္တလေး-မိုးကုတ်လမ်း နေရာအချို့ကို ပိတ်ထားပြီး တိုက်ပွဲကြောင့် ကျပ်ပြင်ရွာမှာ ဖွင့်လှစ်ထားတဲ့ စျေးတွေလည်း ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment