ဖေဖော်ဝါရီ၊ ၁၅ ရက်
မြန်မာစစ်တပ်မှာ တပ်စွဲနေရာယူမှုရှိခဲ့သည့် ရခိုင်ပြည်နယ် မင်းပြားမင်းပုန်းတောင်တွင် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် မိုင်းပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။
ပေါက်ကွဲမှုမှာ နံနက် ၇ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအသေအပျောက် ရှိသည်မရှိသည်ကို မသိရှိရသေးဟု မင်းပုန်းတောင်အောက်ရှိ သလူချောင်းကျေးရွာမှ ဦးတင့်ထွန်းနိုင်က Western News ကို ပြောသည်။
"ဒီနေ့မနက် ၇ နာရီခွဲလောက်က ပေါက်ကွဲတာကြားလိုက်ပါတယ်။ ပေါက်ကွဲတာကတော့တစ်ကြိမ်တည်းပါပဲ။ လူတွေဘာတွေ တက်နင်းမိလို့ပေါက်တာလား ဘာကြောင့်ပေါက်တာလည်းဆိုတာမသိရသေးပါဘူး။ ပေါက်တာကတော့ မြန်မာစစ်တပ်တပ်စွဲနေသွားတဲ့ တပ်ကုန်းနေရာကပေါက်တာ" ဟုပြောသည်။
မင်းပုန်းတောင်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း မိုင်းပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားပြီးနောက် တောင်သို့ထင်းခွေသွားသည့် သလူချောင်းဒေသခံတစ်ဦး သေဆုံးမှုရှိခဲ့ပြီး သေဆုံးသူ၏အလောင်းအား ၃ ရက်ကြာမှသာ တောင်ပေါ်မှ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုရက်မတိုင်မီအချိန်များတွင်လည်း မိုင်းပေါက်ကွဲမှုများနှင့် ရွာအနီးနားမှ စစ်ကျန်လက်နက်များမကြာခဏ ရရှိမှုရှိခဲ့ကာ ထိခိုက်ဒဏ်ရာရမှုတို့လည်းရှိခဲ့သည်ဟု သလူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက Western News ကိုပြောသည်။
လက်ရှိတွင် ကျေးရွာသားများမှာ အဆိုပါတောင်သို့မသွားလျှင်လည်း စားဝတ်နေရေးအဆင်မပြေသည့်အတွက် သွားလာနေရပြီး အနီးနားတွင်လည်း ဝါးနှင့်ထင်းများ ရှာဖွေရခက်လာသည့်အတွက် အလွန်ကျပ်တည်းမှုဖြစ်နေကြရသည်ဟု ဦးတင်ထွန်းနိုင်က ဆက်ပြောသည်။
"မိုင်းတွေရှိနေတယ်။ မိုင်းပေါက်နေတယ်ဆိုပေမယ့်လည်း သွားရတာပါပဲ။ ကျနော်တို့က တောင်ကိုမှီခိုပြီး ထင်းရှာ၊ ဝါးခုတ်နဲ့ ရှာဖွေစားသောက်နေကြရတော့ မသွားရင်အဆင်မပြေဘူး။ ဒီတော့ တောင်အစနားလောက်တွေမှာ ရနိုင်သလောက်လည်းရှာကြရတာပဲပေါ့။ တောင်အနှံ့လည်း လျှောက်မသွားရဲတော့ အခုဆို စားဝတ်နေရေး အရမ်းကြပ်တည်းနေကြရတယ်" ဟုပြောသည်။
အဆိုပါ မင်းပုန်းတောင်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်လောက်မှစ၍ မြန်မာစစ်တပ်မှ တပ်စွဲနေရာယူထားမှူရှိခဲ့ပြီး တောင်ပေါ်မှ ဆင်းသွားသည်မှာ ၂ လခန့်ရှိပြီဖြစ်ကာ ၎င်းတို့ တပ်စွဲခဲ့သည့်တောင်ပ်ါရှိ တပ်ကူန်းနေရာတစ်ဝိုက်တွင် မိုင်းပေါက်ကွဲမှုများမကြာခဏဖြစ်နေကာ ဒေသခံများထိခိုက်မှုရှိနေခြင်းဖြစ်သည်။
မင်းပုန်းတောင်မှာ မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့မှ စားဝတ်နေရေးအတွက် အမှီပြုနေရသောတောင်တစ်ခုဖြစ်ပြီး များသောအားဖြင့် သလူချောင်း၊ဖုံသာ၊ င/တက် ၊ ကျောက်မော်၊ ခွဆုံ၊ ဇာတိရံ၊ တောင်ပုတ်ကေ၊ ဒုံးသားနှင့် စိတ္တရကမ်းဖက်မှ ဒေသခံများ မှီခိုလုပ်ကိုင်ကြသည်ဟု ဒေသခံများကပြောသည်။
Western News-WN
No comments:
Post a Comment